ငရုတ်ကောင်းမှ ငွေဆောင်-ချောင်းသာ-ဂွ-ကမ်းသာယာအထိ ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ချထားကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ရှင်းလင်း

ငရုတ်ကောင်းမှ ငွေဆောင်-ချောင်းသာ-ဂွ-ကမ်းသာယာအထိ ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ချထားကြောင်း ဆောက်လုပ်ရေးဒုတိယဝန်ကြီး ရှင်းလင်း
Published 27 March 2018

ငရုတ်ကောင်း-ငွေဆောင်-ချောင်း သာ-ဂွ-ကမ်းသာယာအထိ ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ချထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

မတ် ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ ဒေါ်လာသန်း ၃၆၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။

အရှေ့အနောက် စီးပွားရေးစြင်္ကံလမ်းသည် မြန်မာနိုင်ငံအတွင်းတွင် ပုသိမ်မှတစ်ဆင့် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်မည့် ငရုတ်ကောင်းရေနက်ဆိပ်ကမ်းကို မျှော်မှန်းပြီး ဆက်သွယ်ဖောက်လုပ်ရန် စီမံထားရှိခြင်းဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငရုတ်ကောင်းမှ ငွေဆောင်- ချောင်းသာ-ဂွ-ကမ်းသာယာအထိ တစ်ဆက်တစ်စပ်တည်း ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ရန် စီမံချက်ချထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကို အခြေခံ၍ ပင်လယ်ပြင်ဗဟိုပြု စီးပွားရေးလုပ်ငန်းများဖြစ်သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ၊ ငါးဖမ်းလုပ်ငန်းများ၊ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့်အတူ ဆက်စပ်နေသော အခြားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ သည်။

ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်မှချေးငွေဖြင့်ဆောင်ရွက်မည့် ရန်ကုန်-ပုသိမ်လမ်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ Oriental Highway ကုမ္ပဏီ မှ BOT စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လမ်းဖြစ်ကြောင်း၊ ရန်ကုန်-ပုသိမ် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် Concession ကို နိုင်ငံတော်မှ ပြန်လည်ထိန်းချုပ် Control လုပ်၍ Operating and Maintenance လုပ်ငန်းများကို BOT ကုမ္ပဏီသို့ ပြန်လည်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကုမ္ပဏီ၏ Concession သက်တမ်းသည် ၃၃ နှစ်ဖြစ်ကြောင်း၊ ၂၄ နှစ်ကို နိုင်ငံတော်မှ Concession Control လုပ်မည်ဖြစ်ပြီး ADB ၏ ချေးငွေအားလုံးကို ပြန်လည်ပေးဆပ်သွားစေမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကိုးနှစ်ကိုသာ ကုမ္ပဏီမှ Concession အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ကောက်ခံရရှိငွေများထဲမှ ချေးငွေနှင့် အတိုးကို ပေးဆပ်ရမည်ဖြစ်၍ နိုင်ငံတော်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိ ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း ဆောင်ရွက်နိုင်ခဲ့ရင် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်ဆက်သွယ်ပေးမယ့်လမ်းကြောင်းကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ၏ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါနန်းမြို့နဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ငရုတ်ကောင်းမြို့တို့ကို ဆက်သွယ်နိုင်မယ့် စီးပွားရေးကုန်သွယ်လမ်းကြောင်းအဖြစ် ဖော်ဆောင်ဖို့ ADB ရဲ့ PLAN ကို ရေးဆွဲထားခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိဖော်ဆောင်နေသည့် အရှေ့အနောက် စီးပွားရေးစြင်္ကံလမ်းမကြီးသည် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့မှ စတင်ကာ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း SEZ တွင် အဆုံးသတ်ရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ အရှေ့အနောက် စီးပွားရေးစြင်္ကံလမ်းမကြီးသည် မြန်မာနိုင်ငံကို ဖြတ်သန်းရာတွင် မြဝတီ၊ ဘားအံ၊ ကျိုက်ထို၊ ဘုရားကြီးမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမတစ်လျှောက်ရှိ မြို့များ၊ သနပ္ပင်၊ ကမာစဲမှတစ်ဆင့် သီလဝါလမ်းကြောင်းတစ်လျှောက်မှလည်းကောင်း ရန်ကုန်မြို့သို့ အသီးသီး ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် Future Plan အနေဖြင့် ရန်ကုန်မြို့မှပတ်၍ ပုသိမ်မြို့မှတစ်ဆင့် ငရုတ်ကောင်းမြို့ အထိ ဆက်လက်သွားလာနိုင်မည့် စီပွားရေးစြင်္ကံလမ်းအဖြစ် လျာထားစီစဉ်ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent