လားရှိုးမြို့တွင် MNDAA အဖွဲ့၏ ရှော့တိုက်ဒုံး၊ ဒရုန်းများနှင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်ငါးဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိပြီဖြစ်

လားရှိုးမြို့တွင် MNDAA အဖွဲ့၏ ရှော့တိုက်ဒုံး၊ ဒရုန်းများနှင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်ငါးဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိပြီဖြစ်
Published 26 July 2024

လားရှိုးမြို့တွင် MNDAA အဖွဲ့၏ ရှော့တိုက်ဒုံး၊ ဒရုန်းများနှင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံများ၊ လမ်းတံတားများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ရသလို ကလေးငယ်ငါးဦးအပါအဝင် ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိခဲ့ကြောင်း သိရသည်။

MNDAA အဖွဲ့သည်  လားရှိုးမြို့အနီးတစ်ဝိုက်အား ဇူလိုင် ၃ ရက်မှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံအများစု လားရှိုးမြို့မှ ထွက်ခွာကာ သွားကြောင်း မြို့များသို့ စစ်ဘေးရှောင်နေရသည်။

ထိုသို့ MNDAA အဖွဲ့သည် လားရှိုးမြို့တွင် တိုက်ခိုက်ရာ၌ စစ်ဘက်ဆိုင်ရာနေရာများထက် ပြည်သူများနေထိုင် သည့် နေရာများကို အဓိကတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက်တွင် ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ပြည်သူပိုင်ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ လားရှိုးမြို့တစ်ခုထဲမှာပဲ ကျွန်တော်တို့ စာရင်း ကောက်လို့ရသမျှ ကလေးငယ်ငါးဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦး ရှိခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် MNDAA၊ TNLA၊ AA အဖွဲ့များ၊ ၎င်းတို့နှင့် ပူးပေါင်းနေသော PDF များ၏ မြိုရွာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ယင်းဒေသများမှ နေရပ်စွန့်ခွာထွက်ပြေးပြီး ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့အပါအဝင် အ ခြားမြို့ရွာများသို့ ရောက်ရှိခိုလှုံနေရသည် တိုင်းရင်းသား ပြည်သူသိန်းနှင့်ချီ၍ ရှိနေ ကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူများအား နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်Volunter လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိက စေတနာရှင် ပြည်သူများက ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

ထိုသို့နေရပ်စွန့်ခွာလာရသည့် ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသည့် စေတနာရှင် တိုင်းရင်းသားပြည်သူများ၏ ကူညီလိုစိတ်၊ ၀ိုင်းဝန်းလိုစိတ်နှင့် မြန်မာဆိုသည့် စိတ်ထားကို အထူးဂုဏ်ယူကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် MNDAA အဖွဲ့က လားရှိုးမြို့အား သိမ်းပိုက်နိုင်ပြီဆိုသော ကြေညာချက်နှင့်ပတ်သက်၍ ယင်းသတင်းများသည် မဟုတ်မှန်ကြောင်းနှင့် လုပ်ကြံဝါဒဖြန့်မှုသာ ဖြစ်သည်ကိုတပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားပြီး ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ ပိုပြီးထူးခြားတာက တရုတ်ဘာသာစကားနဲ့ Tik Tok၊ Wechat စာမျက်နှာတွေမှာ ၀ါဒဖြန့်မှုတွေကို အရေအတွက်များစွာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီအဖျက်သမားတွေ ဘာကို ရည်ရွယ်သလဲ။ ဒီမဟုတ်မမှန်သတင်းကို အရှိန်အဟုန်နဲ့ ဘာလို့ဖြန့်သလဲဆိုတာ ကျွန်တော်တို့ ပြည်သူလူထု၊ လုံခြုံရေးအဖွဲ့အစည်းများ အားလုံးသိဖို့လိုအပ်ပါတယ်”ဟု ပြောကြားသည်။

MNDAA၊ TNLA၊ PDF အဖွဲ့များသည် ဇူလိုင်လအတွင်း လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတစ်ဝိုက် တိုက်ပွဲများတွင် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူများပြားခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ၊ ၎င်းတို့သိမ်းပိုက်ခဲ့သည့်ရွာများမှ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းပြည်သား ပြည်သူများကို ဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ခြင်းကြောင့် သေကြေပျက်စီးမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါအဖွဲ့များက လူသစ်စုဆောင်းခြင်းကိုခံထားရသည့် ပြည်သူများအနေဖြင့် ဘေးကင်းရာကို ထွက်ပြေးလာရောက်နိုင်ပြီး တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများက  ၎င်းတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခိုင်ခိုင်မာမာအာမခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

MNDAA အဖွဲ့သည် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့အောင် ရပ်ကွက်များ၊ နေအိမ်များပေါ် ရှော့တိုက်ဒုံး၊ လက်နက်ကြီးများနှင့်ပစ်ခတ်ပြီး ပြည်သူများထွက်ပြေး အောင်လုပ်ဆောင်၍ လူနေရပ်ကွက်များတွင် အရပ်သား ဟန်ဆောင်ပြီး ဝင်ရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ဒီနေ့(ဇူလိုင်၂၆ ရက်)မှာလည်း လားရှိုးမြို့တစ်ချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ် တစ်ချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့ လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ၀ါဒဖြန့်တာတွေကို ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု၊ ဒီဒေသမှာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံးကို သိရှိဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။

တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့်တပ်မတော်ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူလူထုနှင့်အတူလက်တွဲပြီး အသက်သွေးချွေးများစွာ ပေးဆပ်ရယူခဲ့ကြောင်း၊ လွတ်လပ်ပြီးမြန်မာနိုင်ငံတွင် သောင်းကျန်းသူ အဖွဲ့မျိုးသုံသူပုန်ထမှုကြောင့် ရန်ကုန်အစိုးရဟုအခေါ်ခံရသည့် ကာလမျိုး၌ တာဝန်သိတိုင်းရင်းသားပြည်သူလူထုနှင့် ပူးပေါင်းပြီး နိုင်ငံလွတ်လပ်ရေးနှင့် မြန်မာပြည်သူလူထု၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်တွင် စစ်တိုင်းဒေသကြီး ၁၄ ခုရှိသည့်အနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် အစဉ်အလာကြီးမားသည့် စစ်တိုင်းကြီးဖြစ်ကြောင်း၊ ပြည်ပကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ကြောင်း၊ ဗကပများ၏ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို ဓားပြသာသာ စစ်ဘုရင်၊ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့သည့် စစ်တိုင်းကြီးတစ်ခု ဖြစ်ခဲ့ကြောင်း၊ မြို့ရွာများထဲသို့ အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာသည့် လက်နက် ကိုင်အဖွဲ့များအား တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ ရဲတပ်ဖွဲ့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ပူးပေါင်းရှင်းလင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

Most Read

Most Recent