ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား တရားစွဲတင်ထားသည့် အမှုများအနက် တူညီသည့်အမှု လေးခုသာ ပေါင်းစစ်သင့်ကြောင်း ဒက္ခိဏခရိုင်တရားသူကြီး အမိန့်ချမှတ်

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား တရားစွဲတင်ထားသည့် အမှုများအနက် တူညီသည့်အမှု လေးခုသာ ပေါင်းစစ်သင့်ကြောင်း ဒက္ခိဏခရိုင်တရားသူကြီး အမိန့်ချမှတ်
Published 25 January 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား တရားစွဲတင်ထားသည့် အမှုများအနက် တူညီသည့်အမှု လေးခုသာ ပေါင်းစစ်သင့်ကြောင်း ဇန်နဝါရီ ၂၄ ရက်က ခြောက်ကြိမ်မြောက် ရုံးထုတ်တွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀ ခု ဖြင့် တရားစွဲတင်ထားပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူထား တဲ့ ၂/၂၀၁၈ ရယ် ၃/၂၀၁၈ ရယ် အဲဒီနှစ်မှု ကို ပေါင်းတယ်။ လျှို့ဝှက်ချက်အရ အရေးယူ ထားတဲ့ ၆/၂၀၁၈ ရယ်၊ ၇/၂၀၁၈ ရယ် အဲဒီ နှစ်မှုကိုပေါင်းဖို့ အမိန့်ချလိုက်တယ”ဟု ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ပြောကြားသည်။

ယင်းသို့ အမှုပေါင်းစစ်သင့် မသင့် အမိန့်ချမှတ်ခြင်းမှာ တရားစွဲတင်ထားသည့် အမှုများကို လျှော့ချခြင်းမဟုတ်ဘဲ အမှုစစ်ဆေးရန် လွယ်ကူအဆင်ပြေရန်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မအရ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ခရိုင်တရားသူကြီးကပြောကြားသည်။

ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ တွင် ရာဇသတ်ကြီး အမှတ် ၁၁၅/၂၀၁၇ နှင့် ၁၁၈/၂၀၁၇ (မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ဥပဒေ) ဖြင့် တရားစွဲဆိုထားသည့်အမှုမှ တရားလိုရဲမှူး မောင်မောင်စိုးသွင်နှင့် ဒုရဲမှူးဌေးအောင်တို့ အား စစ်ဆေးခဲ့ပြီး လာမည့် ဇန်နဝါရီ ၃၁ ရက် ရုံးချိန်းတွင် လက်နက်အက်ဥပဒေဖြင့် တရားစွဲ တင်ထားသည့် အမှုမှ တရားလိုသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်ရုံးချိန်းမှာ ရာဇသတ်ကြီး ၁၁၆ ရယ်၊ ၁၁၇ ရယ် ရဲမှူးမင်းအောင်မြင့်ဦးရယ်၊ ဒုရဲမှူးမြင့်စိုးရယ်ကိုစစ်ဖို့ချိန်းလိုက်တယ်” ဟု ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက ဆက်လက်ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများ အား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းများက လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၀၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉-က/၁၉(စ)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော်အထိမ်း အမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉(စ)/၁၉(က)နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင် ဘာ ၂၁ ရက် ပထမဆုံးရုံးထုတ်စဉ်က တရားစွဲဆိုထားသည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါသုံးဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်းတစ်ဦး တည်းအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက် တရားစွဲဆိုထားသည်။

ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ရာဇသတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာ နယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈ ဖြင့် ဒက္ခိဏသီရိမြို့နယ်ရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၃) ဖြင့် ဇန်နဝါရီ ၁၀ ရက် တတိယ အကြိမ်ရုံးထုတ်တွင် ဆက်လက်တရားစွဲတင် ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူ များအား နေပြည်တော်ဒက္ခိဏခရိုင် တရားရုံး တွင် ရာဇသတ်ကြီးမှုပုဒ်မ ၁၀ ခုနှင့် တရားခံ ပြေးမှုပုဒ်မ နှစ်ခု စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲတင်ထားကြောင်းသိရသည်။

Most Read

Most Recent