စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိ

စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိ
Published 9 June 2021

စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ယနေ့ (ဇွန် ၉ ရက်) က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန် ၉ ရက် ၊ မွန်းလွဲ ၁၂ နာရီခွဲကျော်ခန့်တွင် စမ်းချောင်းမြို့နယ် ၊ ဗဟိုလမ်းရှိ ခေတ်ဆန်သူ အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။

“လက်ဖက်ရည်ဆိုင်ထဲမှာ ပေါက်တာ။ လက်ဖက်ရည်ဆိုင် လာထိုင်တဲ့ ဦးလေးတစ်ယောက်က နားထင်နား ထိသွားတယ်။ နောက်တစ်ယောက်က ကျောကို မှန်တာ။ နှစ်ယောက်လုံးကို ဆေးရုံပို့ထားတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ အဲ့နားမှာ စစ်ဆေးတာတွေ ရှိတယ်”ဟု အဆိုပါ နေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်တွင် လက်ဖက်ရည်ဆိုင်အား ပိတ်ထားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

အလားတူ ဇွန် ၈ ရက် ၊ ညနေ  ၄ နာရီခန့်တွင် ကမာရွတ်မြို့နယ် ၊ ပြည်လမ်း ၊ တံတားဖြူမှတ်တိုင်အနီးရှိ လူကူးခုံးကျော်တံတားအောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။

“လူကူးခုံးတံတားအောက် လှေကားနားမှာ ပေါက်တာ။ ကန်ဘောင်ဘက်အခြမ်း မဟုတ်ဘူး။ အသံက တော်တော်ကျယ်တယ်။ ဒဏ်ရာရတဲ့လူတော့ မရှိဘူး။ ပေါက်ပြီးတော့ လမ်းကို တခြမ်းပိတ်ပြီး စစ်တယ်”ဟု အဆိုပါ နေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

အင်းစိန်မြို့နယ် ၊ မင်္ဂလာလမ်းတွင်လည်း ဇွန် ၈ ရက်က ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလကုန်ပိုင်းမှ စတင်ကာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မေ ၁၅ ရက် ၊ ညနေ ၄ နာရီကျော်ခန့်က မြောက်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာအဝိုင်းအနီး ခေမာသီလမ်းပေါရှိ Denko ဆီဆိုင်အတွင်း ပေါက်ကွဲမှု ဖြစ်ပေါခဲ့သဖြင့် ဆီလာဖြည့်သည့် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့သည်။

ထို့ပြင် မေ ၂၇ ရက် နံနက်ပိုင်းက သာကေတမြို့နယ် ၊ မာန်ပြေ ၂၀ လမ်း ရပ်ကွက် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရမှုကြောင့် သေဆုံးခဲ့ပြီး ယင်းမြို့နယ်အတွင်း ပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ၊ ဇွန် ၁ ရက် ညပိုင်းနှင့် ဇွန် ၂ ရက် နံနက် အစောပိုင်းက မဂ်လာတောင်ညွန့်မြို့နယ်အတွင်း ပေါက်ကွဲမှု ငါးကြိမ် ဖြစ်ပွားခဲ့သည်။

Most Read

Most Recent