မြစ်ဆုံစီမံကိန်းအရေး ဆွေးနွေးသည့်အခါတွင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ ပြောကြား

မြစ်ဆုံစီမံကိန်းအရေး ဆွေးနွေးသည့်အခါတွင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ ပြောကြား
Published 11 December 2017

ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သော မြန်မာအစိမ်းရောင်ကွန်ရက်၏ (၅) ကြိမ်မြောက် တွေ့ဆုံပွဲအခမ်းအနား မြင်ကွင်းတစ်ခု

မြစ်ဆုံစီမံကိန်းအရေး ဆွေးနွေးသည့်အခါတွင် မြန်မာအစိုးရ၊ တရုတ်အစိုးရ (တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ) နှင့် ကချင်နိုင်ငံရေး အစုအဖွဲ့တု့ိ  သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍  ကချင်အမျိုးသားကွန်ဂရက်ပါတီသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းခွင် မန်နေဂျာ မစ္စတာ Zhang Hua Ngui နှင့် ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်ကုမ္ပဏီလီမိတက် (ACHC) ဒုတိယဥက္ကဋ္ဌမစ္စတာ Zhao Laipu တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းမှာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးရန်ရှိလာပါက မြန်မာအစိုးရ၊ တရုတ်အစိုးရ (တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ) နှင့် ကချင်နိုင်ငံရေး အစုအဖွဲ့တု့ိပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအဝန်းအဝိုင်းတစ်ခုကို တည်ဆောက်ပြီး အဖြေရှာရန်အတွက် တွေ့ဆုံခြင်းဖြစ်သည်ဟု  ဒေါက်တာ အမ်ကောန်လက ပြောကြားသည်။

ကချင်အမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက “ကျွန်တော်တို့ အဓိက ပြောတာကတော့ ဘာလဲဆိုတော့ ခေတ်အဆက်ဆက်က မြန်မာအစိုးရနဲ့ တရုတ်အစိုးရရယ်၊ တရုတ်ကုမ္ပဏီရယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဘက်နှစ်ဖက်ပေါ့။ မြန်မာအစိုးရ အပိုင်းရယ်၊ တရုတ်ဘက်အပိုင်းရယ် ဘက်နှစ်ဖက်ပဲ အကောင်အထည်ဖော်တဲ့အပိုင်းတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ တောင်းဆိုတာက မြန်မာအစိုးရရယ်၊ တရုတ်အစိုးရယ်၊ တရုတ်အစိုးရ Plus တရုတ်ကုမ္ပဏီပေါ့။ ပြီးရင် ကချင်နိုင်ငံရေးအစုအဖွဲ့ဆိုတဲ့ဟာပေါ့။ အဲဒီအဝန်းအဝိုင်းကို ကျွန်တော်တို့ တည်ဆောက်တာပါ။ သူတို့ကို ကျွန်တော်တို့ သွားအသိပေးတာပေါ့။ ကချင်နိုင်ငံရေး အဝန်းအဝိုင်းရဲ့ သဘောတူညီချက် မပါဘဲနဲ့ အကောင်အထည်ဖော်လို့ မဖြစ်ဘူးဆိုတာကို  အသိပေးတာပေါ့။ အဲဒါက အဓိကအကျဆုံးအချက်ပဲ” ဟု ပြောကြားသည်။

ထို့ပြင် ACHC ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌနှင့် တွေ့ဆုံသည့်အခါတွင် နည်းပညာဆိုင်ရာ အချက်သုံးချက် ဆွေးနွေးရန်တောင်းဆိုထားပြီး အဆိုပါ အချက်သုံးချက်မှာ  Engineering ပိုင်းဆိုင်ရာ အချက်အလက်၊ မိုးလေဝသနှင့် ဇလဗေဒပိုင်းဆိုင်ရာ အချက်အလက်နှင့် Geological ပိုင်းဆိုင်ရာ အချက်အလက်တို့ဖြစ်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းကုမ္ပဏီက အကြောင်းမပြန်သေးကြောင်း ဒေါက်တာအမ်ကောန်လက ပြောကြားသည်။

ဆက်လက်၍  ဒေါက်တာအမ်ကောန်လက “NLD အစိုးရအနေနဲ့လည်း မပြီးဘူးပေါ့နော်။ မပြီးဘူးဆိုတဲ့ဟာက ကျွန်တော်တို့ ကချင်အမျိုးသားရဲ့ အမွေအနှစ် ဖြစ်နေတယ်။ အဲဒီတော့ အဲဒါဘယ်လိုလဲဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက ကိုယ်စားပြုပြီး ပြောပြီးသော်ငြားလည်းပဲ လူမျိုးစုတစ်စုရဲ့ ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးစုတစ်စုရဲ့ သဘောထားဆန္ဒကို အကျေအလည်ကို  ဆွေးနွေးဖက်အနေနဲ့ မသတ်မှတ်ဘဲနဲ့ သူတို့ ဒီအတိုင်းဆောင်ရွက်မယ်ဆိုတော့ နည်းနည်းအခက်အခဲ ရှိတယ်။ အရင်တုန်းကလည်း အဲဒီအတိုင်းလုပ်လာလို့ ပြဿနာဖြစ်တယ်လေ။ အဲဒီလို သဘောပေါ့။ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးဆွေးနွေးဖက် အနေနဲ့ တည်ဆောက်ဖို့ ကျွန်တော်တို့ တရုတ်ကို  တိုက်တွန်းထားတယ်။ မြန်မာအစိုးရကိုလည်း တိုက်တွန်းမှာပါ။ သူတို့ဘက်က ဘယ်လို Reply လုပ်မှာလဲ မသိဘူး” ဟု ပြောကြားသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် နိုင်ငံရေးအရ လမ်းကြောင်းဖွင့်သည့် သဘောဖြစ်၍ နိုင်ငံရေးအရ လမ်းကြောင်းပွင့်သွားပြီဆိုလျှင် ကချင်လူထုနှင့် ကချင်နိုင်ငံရေး အစုအဖွဲ့တို့နှင့် ပြန်လည်တိုင်ပင်ပြီး အားလုံးပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်းသည် မိမိတို့ပါတီ၏ သဘောထားဖြစ်ကြောင်း ဒေါက်တာအမ်ကောန်လက ဆိုသည်။

ကြီးမားသော ရေအားလျှပ် စစ်ထုတ်ယူရေး ဆည်များသည် ရေရှည်လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံ မဟာဗျူဟာ၌ ဦးစားပေး မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၇ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး ဟွာချန်းယင်က မြစ်ဆုံဆည်နှင့် ပတ်သက်၍ တရုတ်၏ အနေအထားသည် မပြောင်းလဲကြောင်းနှင့် တရုတ်သည် အပြန်အလှန်အကျိုးရှိမှု အခြေခံပေါ်မူတည်လျက် မြန်မာနိုင်ငံနှင့် အမြဲတမ်း နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခဲ့ကြောင်း ပေကျင်းမြို့၌ ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက် တွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် သုံးလအတွင်း ပထမအစီရင်ခံစာ တင်ပြရန် ညွှန်ကြားချက် ပါဝင်သော်လည်း၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကော်မရှင်၏ ပထမအကြိမ် အစီရင်ခံစာနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်မှလွဲ၍ အပြီးသတ်အစီရင်ခံစာကို ယခုချိန်အထိ  ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent