မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်သောနိုင်ငံ ဖြစ်စေရန် ပညာရေးအင်အား ကြီးမားရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်သောနိုင်ငံ ဖြစ်စေရန် ပညာရေးအင်အား ကြီးမားရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 9 December 2017

နေပြည်တော် MICC - 2 ခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော အခြေခံပညာကဏ္ဍ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-ကျော်မျိုး)

အင်အားကြီးနိုင်ငံများသည် သြဇာလွှမ်းမိုးကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်သောနိုင်ငံ ဖြစ်စေရန် ပညာရေးအင်အား ကြီးမားရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ MICC-2 ခန်းမတွင် ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော အခြေခံပညာကဏ္ဍ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပညာရဲရင့် ပွဲလယ်တင့်ဆိုတာ လူတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံးအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တယ်နိုင်ဖို့ ပွဲလယ်မှာ တင့်တယ်နိုင်ဖို့ ကျွန်မတို့ ပညာတတ်တွေ အများကြီးလိုပါတယ်။ အခုခေတ်မှာဆိုရင် အားလုံးသိတဲ့အတိုင်းပဲ အင်အားကြီးတဲ့နိုင်ငံများဟာ သြဇာလွှမ်းမိုးတယ်။ ဒီတော့ ကျွန်မတို့ဟာ အင်အားကြီးဖို့ လိုတယ်။ ဘာအင်အားလဲဆိုတော့ ပညာအင်အားပဲ။ ပညာရေးအင်အားကနေ စီးပွားရေးအင်အား၊ လူမှုရေးအင်အား တောင့်တင်း လာနိုင်မယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုအတွက် အခြေခံပညာရေးကဏ္ဍကို အလေးထားရပြီး မြန်မာနိုင်ငံ၏ အနာဂတ်၊ နိုင်ငံသူနိုင်ငံသား အားလုံး၏ အနာဂတ်အတွက် အရေးပါကြောင်း၊ ကျောင်းဆရာ ဆရာမများက အထူးသဖြင့် သတိပြုစေချင်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍ ရည်မှန်းချက်များမှာ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊ ကျောင်းထွက်သည့် ကျောင်းသူ ကျောင်းသားများ မရှိစေရန်၊ အလယ်တန်း အထက်တန်းမှတစ်ဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သို့မဟုတ် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်၊ အခြေခံသုတေသန စွမ်းဆောင်မှုများနှင့် နယ်ပယ်အရပ်ရပ် ဖွံ့ဖြိုးတိုးတက်လာအောင် အထောက်အကူပြုစေရန် ဖြစ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒီရည်မှန်းချက်တွေ အပြည့်အ၀ အောင်မြင်စေဖို့အတွက် မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍမှာ အဓိကျကျ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကတေ့ KG+12 ပညာရေးစနစ်အဖြစ် ပြောင်းလဲဖို့။ အဲဒီတော့ အရင်တုန်းက ထက်ပိုပြီး ကျောင်းမှာ အချိန်ယူရမယ်။ ကျောင်းဆရာ ဆရာမတွေလည်း ပိုပြီးတော့ လိုပါတယ်။ အဲဒါအတွက်လည်း ပညာရေးဌာနကနေ ကြည့်ပြီးတော့ ကြိုးစားနေပါတယ်။ ကျောင်းထွက်နှုန်းမြင့်မားနေရတဲ့ အခြေခံအကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီကို ပြောင်းလဲရေးအတွက် ဆရာ ဆရာမများရဲ့ အရည်အသွေးပြည့်ဝလာစေဖို့ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ခြင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေးတို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်များ အရည်အသွေးမြှင့်တင်ဖို့နဲ့ ပညာရေးဆိုင်ရာ အုပ်ချုပ်မှုစွမ်းဆောင်ရည်များ တိုးတက်စေဖို့အတွက်ကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အဆိုပါ ပြုပြင်ပြောင်းလဲရမည့် အချက်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း အားလုံး ပြီးစီးဆောင်ရွက်ရာတွင် အချို့သော အခက်အခဲများ ရှိနေခြင်းကြောင့် ဝန်နှင့်အား မျှတမှုကို ချင့်ချိန်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဘောင်အတွင်းက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိတွင် ကျောင်းအဆင့်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျောင်းထွက်နှုန်း လျော့ကျရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေခွင့်ပြုနိုင်မှုပေါ် မူတည်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေခြင်း၊ ဆရာ၊ ကျောင်းသားအချိုး မျှတနိုင်ရေးအတွက် ဆရာများ တိုးချဲ့ခန့်ထားခြင်း၊ စာသင်ဆောင်များ တိုးချဲ့ဆောက်လုပ်ခြင်း တို့အပြင် ကျောင်းပြင်ပရောက် ကလေးများအတွက် လေ့လာဆန်းစစ်မှု အစီအစဉ်တို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အမြင်အာရုံ၊ အကြားအာရုံချို့တဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသမှ ကျောင်းသား ကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာမှာလည်း ဆရာနဲ့ကျောင်းသားအများစု အရိုးစွဲနေတဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများကိုသာ သင်ကြားပေးခြင်း၊ သင်ရိုး မာတိကာအတိုင်း အမြန်ပြီးစီးအောင် သင်ကြားခြင်း၊ အတန်းအောင်ချက် မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင်ဖို့အတွက်သာ သင်ကြားပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တစ်သဝေမတိမ်း ဖြေဆိုနိုင်မှသာ ရလဒ်ကောင်းမွန်ခြင်း စတဲ့ အချက်တွေကိုလည်း မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သင်ရိုးညွှန်းတမ်း အကြောင်းအရာများဟာ ကလေးတစ်ဦးချင်းစီရဲ့ စဉ်းစားဉာဏ်ကို ထက်သန်စေရပါမယ်။ စိတ်ကူးဉာဏ်ကို ပံ့ပိုးနိုင်စေရပါမယ်။ ကောင်းသော အလေ့အကျင့်နဲ့ စာရိတ္တကို ဖြည့်ဆည်းပေးနိုင်စေရပါမယ်။ ကျန်းမာသော ခန္ဓာကိုယ်မှာ ကြံ့ခိုင်သော စိတ်ဓာတ်ကို ရှင်သန်စေရပါမယ်။ ဒီလို သင်ရိုးညွှန်းတမ်း ရည်ရွယ်ချက်များ ပေါက်မြောက်စေရေးအတွက် ဆရာအတတ်ပညာ ပြည့်ဝမှုက အဓိက အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့အတွက် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ ပြည့်ဝစေရေး၊ သင်ကြားမှု စွမ်းဆောင်ရည် မြင့်မားရေးအတွက် အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး မြင့်မားရေး၊ သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအဆင့်၊ ကျောင်းမိသားစုအဆင့်၊ ကျောင်းအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် လုပ်ငန်းခွင် စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် သုတေသနလုပ်ငန်းများ၊ ပရောဂျက်လုပ်ငန်းများတွင် အရည်အသွေး မြင့်မြင့်မားမားဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဆရာ၊ ဆရာမများရဲ့ အတတ်ပညာ၊ စွမ်းဆောင်ရည် ပြည့်ဝဖို့ လိုအပ်သလို တစ်ဖက်ကလည်း ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများကိုယ်တိုင် ပါဝင်ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ကျောင်းသား၊ ကျောင်းသူများဟာ ကျောင်းမှန်မှန်တက် ရောက်နေရုံနဲ့သာ တာဝန်ကျေပွန်တာ မဟုတ်ဘဲ တစ်နေ့တာ သင်ခန်းစာအပေါ်မှာ ခြုံငုံစဉ်းစားသုံးသပ် တွေးခေါ်နိုင်ခြင်း၊ အားကစားနှင့် အနုပညာဘာသာရပ်တွေမှာ ကိုယ့်ဝါသနာကို အရင်းခံပြီး ပါဝင်ဆောင်ရွက်တတ်ခြင်း၊ ပြင်ပစာပေ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရယူနိုင်ခြင်း၊ မိမိဖတ်ရှုတဲ့ စာအုပ်စာပေများမှ ရရှိလာတဲ့ ဗဟုသုတ၊ ဉာဏ်ပညာများကို အခြေခံပြီး အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိအမြင်ရရှိစေခြင်းအထိပါ ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ မိဘများအနေဖြင့်လည်း မိမိတို့ရဲ့ သားသမီးများရဲ့ တီထွင်ကြံဆနိုင်မှုကို အားပေးကူညီခြင်း၊ စဉ်းစားတွေးခေါ်နိုင်မှုအတွက် ပူးပေါင်းစီမံလေ့ကျင့်ပေးခြင်းများတို့နဲ့ တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ရေရှည် ရင်းနှီးမြှုပ်နံှမှုဖြစ်သည့် ပညာရေးဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် မျှော်လင့်နိုင်ကြောင်း၊ ပညာရေးဖြင့် မညီမျှမှုများ၊ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံသားများအားလုံး ရယူခံစားနိုင်ရန် မျှော်လင့်နိုင်ကြောင်း၊ ပညာရေးဖြင့် မြန်မာနိုင်ငံတော်ကြီးကို ဆတက်ထမ်းပိုး တိုးတက်မြင့်မား လာစေရန်၊ ပိုမိုစည်းလုံး ညီညွတ်စေရန်နှင့် ငြိမ်းချမ်းစည်ပင်စေရန် မျှော်လင့်နိုင်ကြောင်း၊ ပညာရေးဖြင့် ပြည်ထောင်စု တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကို တန်ဖိုးထား မြတ်နိုးထိန်းသိမ်းသွားကြရန် မျှော်လင့်နိုင်ကြောင်း၊ ပညာရေးဖြင့်သာ နိုင်ငံသားတိုင်း၊ မိသားစုတိုင်း လူတန်းစေ့ဘဝများကို ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်စွာ ရပ်တည်နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent