တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စအား ကူညီပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ SNLD ပါတီ စာပေးပို့

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စအား ကူညီပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ SNLD ပါတီ စာပေးပို့
Published 1 September 2018

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး ပြန်လွှတ်ပေးရေးကိစ္စအား ကူညီဆောင်ရွက်ပေးပါရန်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက သြဂုတ် ၂၇ ရက် နေ့စွဲဖြင့် စာရေးသားပေးပို့ထားသည်ကို သြဂုတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား အရပ်ဝတ်လက်နက်ကိုင် အမျိုးသားငါးဦးက လူမြင်ကွင်းအတွင်း လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မီဒီယာများမှတစ်ဆင့် ကြားသိပြီးဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ နန်းမိုဟွမ်သည် ကလေးသုံးဦးမိခင်ဖြစ်ပြီး ခင်ပွန်းနှင့်အတူ ဆောက်လုပ်ရေးပစ္စည်းရောင်းသည့် အိမ်ဆိုင်ဖွင့်လှစ်ထားကြောင်း၊ ၎င်းအား ဖမ်းဆီးသွားသူများမှာ ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့ဝင်များဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာများတွင် ဝန်ခံထားပြီးဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသောစာတွင် ရေးသားထားသည်။

ထို့ပြင် TNLA အဖွဲ့၏အဆိုအရ နန်းမိုဟွမ်သည် ၎င်းတို့အဖွဲ့၏ ဥပဒေကို ချိုးဖောက်သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။

TNLA အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခြင်းကို ခံထားရသော်လည်း ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးတက်ခွင့်ရထားသလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့်ရရှိထားကြောင်း၊ ၎င်းတို့ထံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်သည်ဖြစ်၍ အရပ်သားပြည်သူတစ်ဦးအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးဖက် TNLA မှ နန်းမိုဟွမ်အား  ခြင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရေး ကူညီဆောင်ရွက်ပါရန် ပန်ကြားအပ်ကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် နိုင်ငံသားတစ်ဦး၏ ဘဝလုံခြုံမှုနှင့် လူမှုလွတ်လပ်ခွင့်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ထိရောက်မှန်ကန်စွာ ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလိုက်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာတွင် SNLD ပါတီက ရေးသားထားသည်။

သြဂုတ် ၂၄ ရက်က နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နန်းမိုဟွမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးမည်ဟု TNLA ဘက်က ကတိကဝတ်ပြုထားကာ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းအောင်က ပြောကြားထားသည်။

 

Most Read

Most Recent