မွန်ပြည်သစ်ပါတီ (NMSP ) က NCA နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်များ စတင်နိုင်ခြင်း မရှိသေး

မွန်ပြည်သစ်ပါတီ (NMSP ) က NCA နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်များ စတင်နိုင်ခြင်း မရှိသေး
Published 25 March 2018

မွန်ပြည်သစ်ပါတီက ဖေဖော်ဝါရီ ၁၀ ရက်က NCA ရေးထိုးမည့်ကိစ္စရပ်အပေါ် မော်လမြိုင်မြို့တွင် လူထုရှင်းလင်းပွဲပြုလုပ်ခဲ့မှုအား တွေ့ရစဉ်

မွန်ပြည်သစ်ပါတီ (NMSP ) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်များ ရပ်ဆိုင်းထားရဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောကြားသည်။

ငြိမ်းချမ်းရေး ကော်မရှင်တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာအချို့တွင် မွန်လူထု အကြိုတွေ့ဆုံပွဲအပေါ် တပ်မတော်၏ ကန့်သတ်မှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်က စေ့စပ်ညှိနှိုင်းပေးလိုက်သဖြင့် အဆင်ပြေသွားပြီဖြစ်ကြောင်းကို ဖော်ပြမှုအချို့ရှိသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) ထံ မွန်လူထု အကြိုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အတည်ပြုပေးရန် တရားဝင်အကြောင်းကြား စာပေးပို့ပေးရန် စာပို့၍ အကြောင်းကြားထားသော်လည်း ယနေ့အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း နိုင်ဝင်းလှက ပြောကြားသည်။

“လူထုတွေ့ဆုံပွဲတွေ ပြန်လုပ်ခွင့်ပြုတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့က တင်ပြထားတုန်းပဲ ရှိပါသေးတယ်။ အနေအထားက အရင်ပုံစံအတိုင်းပဲလေ။ တစ်ဆို့နေတဲ့အနေအထားမှာပါပဲ။ လူလွှတ်ပြီးတော့လည်း ဆွေးနွေးနေတုန်းပါပဲ။ လက်ရှိတော့ လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းထားရဆဲပါ” ဟု နိုင်ဝင်းလှက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဖေဖော်ဝါရီ ၁၃ ရက်က လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့်အတူ လက်မှတ်ရေးထိုးခဲ့ပြီဖြစ်သော မွန်ပြည်သစ်ပါတီအနေဖြင့် NCA စာချုပ်အရ ၎င်းတို့ ဦးဆောင်ကျင်းပရမည့် မွန်လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲမတိုင်ခင် ယခုလအတွင်း ၎င်းတို့တပ်တည်ရာ နေရာ ငါးနေရာဖြစ်သည့် ကရင်ပြည်နယ်၌ ကော့ဘိန်းကျေးရွာအနီး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာအနီးနှင့် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကျေးရွာများ၌ လည်းကောင်း၊ မွန်ပြည်နယ်ရေးမြို့နယ် ရေးချောင်းဖျားဒေသနှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ဖြစ်သည့် ဝယ်ဇင်စခန်းတို့၌လည်းကောင်း NCA ရေးထိုးခြင်းနှင့်ပတ်သက်သည့် လူထုတွေ့ဆုံရှင်းလင်းပွဲကျင်းပပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း တက်ရောက်မည့် လူဦးရေများသဖြင့် လူဦးရေလျှော့ချရန် တပ်မတော်က ပြောဆိုထားသောကြောင့် လူထုတွေ့ဆုံပွဲများလုပ်ဆောင်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

ထိုသို့ အဆင်မပြေမှုများဖြစ်ပေါ်နေချိန်တွင် မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကြီးကြပ်မှုကော်မတီကို မတ် ၂၃ ရက်တွင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူမျိုးကို အခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်တွင် ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။ အဆိုပါ ကြီးကြပ်ရေးကော်မတီတွင် အစိုးရကိုယ်စားလှယ်သုံးဦးအဖြစ် ဒေါ်စံဝင့်ခိုင် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဗိုလ်မှူးကြီးတင်ထွဋ် (တပ်မတော်)၊ ဒေါက်တာခင်ဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) တို့ ပါဝင်သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များအဖြစ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှနှင့် နိုင်အောင်မငေး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက်အတွင်းရေးမှူး (၂) ပ ဒိုစောလှထွန်းတို့ ကြီးကြပ်ရေးကော်မတီတွင် ပါရှိသည်။ ကြီးကြပ်ရေးကော်မတီတွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များအဖြစ် ဒေါက်တာအောင်ထွန်း၊ မင်းကျော်ဇေယျာဦး၊ ဦးချမ်းမြင့်တို့ ပါဝင်သည်။

ယင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီသည် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ပါ ဤပူးတွဲကော်မတီက အတည်ပြုထားပြီးဖြစ်သောပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာလုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စေရေး၊ စနစ်တကျရှိစေရေး၊ လုပ်ငန်းလမ်းညွှန်များနှင့် ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

Most Read

Most Recent