မင်းလှမြို့နယ်တွင် ဘင်္ဂါလီ ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်သူလေးဦး ထပ်မံဖမ်းဆီးရမိ

မင်းလှမြို့နယ်တွင် ဘင်္ဂါလီ ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်သူလေးဦး ထပ်မံဖမ်းဆီးရမိ
Published 21 March 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေနံမရဲစခန်းအပိုင် နယ်မြေများတွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦးနှင့် လိုက်ပါပို့ဆောင်သူလေးဦး ထပ်မံဖမ်းဆီးရမိခဲ့ပြီး ရက် ၂၀ အတွင်း ဘင်္ဂါလီ ၂၅ ဦးနှင့် လိုက်ပါပို့ဆောင်သူ ခြောက်ဦးအထိ ဖမ်းမိခဲ့သည်။

မတ် ၁၉ ရက်က မင်းလှမြို့နယ် ရေနံမရဲစခန်းအပိုင် ပုသိမ်မုံရွာလမ်း မိုင်တိုင်အမှတ် ၂၅၄/၂ တွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများက မသင်္ကာသူလေးဦးအား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းလေးဦးမှာ ဘင်္ဂါလီလူမျိုး ၁၀ ဦးအား တစ်ဦးလျှင် ကျပ်၂၅၀၀၀၀ နှုန်းဖြင့် အခကြေးငွေယူကာ လမ်းပြခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းတို့လမ်းပြခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား လေးဖာလုံခန့်အကွာ တောစပ်တွင် မတ် ၂၀ ရက် နံနက်ပိုင်း၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒါနဲ့ဆို ဖမ်းမိတာငါးကြိမ်ရှိပါပြီ။ ဒီလထဲမှာပေါ့။ ခိုးဝင်ဘင်္ဂါလီ စုစုပေါင်း ၂၅ ဦးနဲ့ လိုက်ပါပို့ဆောင်သူ ခြောက်ဦးအထိရှိပါပြီ။ ပြီးခဲ့တဲ့နှစ်ကတော့ ဒီလောက်အထိ ဖမ်းမိတာမျိုးမရှိပါဘူး။ အခုနှစ်က ပိုစိပ်လာတာပေါ့။ ဘင်္ဂါလီလူမျိုးတွေကို စစ်ဆေးချက်အရပေါ့။ သူတို့ပြောတာကတော့ ဒီကနေ ရန်ကုန်သွားမယ်။ ပြီးရင် မလေးရှားထွက်မယ်ပေါ့။ အဓိက,ကတော့ ပြည်သူတွေအတွက်ပါပဲ။ အေးချမ်းသာယာမှုရှိအောင်ပါ။ ခိုးဝင်လာသူတွေက အကြမ်းဖက်တို့ဘာတို့နဲ့ဆက်သွယ်မှုတွေရှိပြီး ဖောက်ခွဲဖျက်ဆီးတဲ့အလုပ်တွေလုပ်မှာ ကြောက်လည်းကြောက်ရပါတယ်။ ဒီလိုဖမ်းဆီးရမိအောင် ကူညီခဲ့တဲ့သတင်းပေးပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးထင်အောင်လင်းက ပြောကြားသည်။

Most Read

Most Recent