မန္တလေးမြို့ ၇၃ လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် သုံးရက်ကြာ ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိ

မန္တလေးမြို့ ၇၃ လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် သုံးရက်ကြာ ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိ
Published 10 March 2018

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်

မန္တလေးမြို့ ၇၃လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် သုံးရက်ကြာခန့် ရပ်ထားသည့်ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါး အများအပြားကို မတ် ၉ ရက် နံနက် ၁၀ နာရီခန့်က သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် ၇၃လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် Crown အဖြူရောင်ယာဉ် ရပ်ထားသည်မှာ သုံးရက်ခန့်ကြာပြီဖြစ်ကြောင်း ရပ်ကွက်မှအကြောင်းကြားသဖြင့် တာဝန်ရှိသူများ စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ ကားတစ်စီးလုံးအပြည့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကားကရပ်ထားတာ သုံးရက်လောက် ရှိပြီလို့ သိရတယ်။ ရပ်ကွက်က အကြောင်းကြားလို့ သွားရောက်စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ကားအပြည့်တွေ့ရတာပါ။ အခုချိန်အထိ ဆေးပြားတွေ ရေတွက်နေတုန်းမို့ အသေးစိတ် မသိရသေးပါဘူး။ တရားခံကတော့ ဖမ်းမိဖို့ ကြိုးစားနေပါတယ်”  ဟု အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘိန်းဖြူဆပ်ပြာခွက် ၂၂၀ ခွက် (၂ ဒသမ ၂ ကီလိုဂရမ်ခန့်)၊ ဘိန်းဖြူ ၃၀၀ ဂရမ်ပါ ခြောက်အိတ် (၁ ဒသမ ၈ ကီလိုဂရမ်)၊ ဘိန်း ဖြူ ၃၅၀ ဂရမ်စီပါ ဘလောက်တုံး နှစ်တုံး (အလေးချိန် ၀ ဒသမ ၇ ကီလိုဂရမ်)၊ WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းစီပါ ပီနံအိတ် ကိုးအိတ်၊ ၈၈ စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်း၊ ဆိုဒီယမ်ဟိုက်ဒရိုဆိုဒ် ၀ ဒသမ ၁၅ ကီလိုဂရမ်၊ ICE တစ်ကီလိုဂရမ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁၁) ရဲစခန်းမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းတွင် ဆက်လက်ရေတွက်စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent