မန္တလေးတွင် ပထမဆုံးဆင်ပြတိုက်နှင့် ဒုတိယမြောက် အပန်းဖြေဆင်စခန်းကို ယခု မတ်လအကုန်တွင် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်း မြန်မာသစ်လုပ်ငန်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲရွာ-ကျောက်ချောကာလမ်း ငါးမိုင် ငါးဖာလုံအကွာ တည်ဆောက်နေသည့် ဆင်စခန်းကို မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါဆင်စခန်းမှာ မြေဧက ၁၃၀ ဧက အကျယ်အဝန်းရှိပြီး ယခုစတင်၍ မြေနေရာပြုပြင်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ပြီး လက်ရှိတွင် ဆင်ခြောက်ကောင်ကို ကသာမှ မတ်လဒုတိယပတ်တွင် သယ်ဆောင်မည်ဖြစ်ပြီးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေပြီး ဆင်ပြတိုက်ပါ ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ သစ်လုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောကြားသည်။
“ငါးမိုင် ငါးဖာလုံ နေရာမယ် ဆင်စခန်းထပ်ဖွင့်မယ်။ ဆင်စခန်းအမည်က ဝါးနက် အပန်းဖြေဆင်စခန်းလို့ အမည်ပေးထားတယ်။ အဲဒီဆင်စခန်းမှာ ဆင်ခြောက်ကောင်နဲ့ ပြသမယ်။ အခုလောလောဆယ် ဆင်ခြောက်ကောင်က ကသာဘက်ကနေ မရွှေ့ရသေးဘူး။ ကသာကနေ ရွှေ့မယ်။ မတ်လ ဒုတိယပတ်ထဲ မန္တလေးကို ဆင်တွေ ရွှေ့မယ်။ မြေဧရိယာအနေနဲ့ ၁၃၀ အကျယ်အဝန်းပေါ်မှာ ဆင်စခန်းဆောက်နေတယ်။ အဲဒီနေရာအနီးမှာရှိတဲ့ ဆင်စခန်းထက် ပိုပြီးဝန်ဆောင်မှုပေးနိုင်အောင် အကောင်းဆုံးလုပ်နေတယ်။ နောက်ပြီး ဆင်စခန်းပြတိုက်ပါ လုပ်မယ်။ ဆင်အရိုးစုတွေနဲ့ ဆင်အကြောင်းသိကောင်းစရာတွေ ပြတိုက်အနေနဲ့ ပြသမယ်။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ထားတယ်။ အခုလက်ရှိက အဆောက်အအုံတွေ ဆင်တက်ခုံနဲ့ ဝန်ထမ်းတွေနေဖို့ တဲတွေ ဆောက်နေတယ်။ ဆင်တွေကို မတ်လ ဒုတိယအပတ်ထဲ ရွှေ့မယ်။ ဆင်စခန်းနဲ့ ပြတိုက်ကိုမတ်လအကုန် ဖွင့်လှစ်မယ်။ မန္တလေးဖောင်ဖွဲ့ရေးဒေသက ဦးစီးလုပ်ပြီး ဖွင့်လှစ်မယ်” ဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းမှ တိုင်းမန်နေဂျာဦးအောင်မြင့်ဌေးက ပြောကြားသည်။
အဆိုပါဆင်စခန်အနီး ကိုးမိုင် သုံးဖာလုံအကွာ ဒီးဒုတ် ကြိုးပြင်ကာကွယ်တောအတွင်း မြန်မာသစ်လုပ်ငန်းတွေမှာ အသုံးမပြုဘဲ ပိုလျှံနေသည် ဆင်တွေကို ပြည်သူတွေကို ဝန်ဆောင်မှုပေးသည်အနေနှင့် ဒီးဒုတ်ရေတံခွန် ဆင်စခန်းကို အများပြည်သူများလာရောက် လေ့လာအပန်းဖြေနိုင်ရန်အတွက် ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ သိရသည်။