တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းများ ချမှတ်ခြင်းသည် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အဖြစ် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ပြောကြား

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းများ ချမှတ်ခြင်းသည် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အဖြစ် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ပြောကြား
Published 31 January 2018

ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်ရှိ (MICC-2) တွင်ပြုလုပ်သည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ရှင်းလင်းပွဲကို တွေ့ရစဉ်

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းများ ချမှတ်ခြင်းသည် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အဖြစ် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင်ပြုလုပ်သည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) မိတ်ဆက်ရှင်းလင်းပွဲတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီတရားစီရင်ရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာကြာမြင့်မှာဖြစ်ပါတယ်။ ဒီငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းနဲ့အတူ ဒီစီမံကိန်းကနဦးနှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ်အတွက် ပထမနှစ် မဟာဗျူဟာအစီအစဉ်ကို တစ်ပါတည်းဖော်ပြထားပါတယ်။ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းများကို ချမှတ်ခြင်းသည် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အဖြစ် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများ၊ တရားမျှတမှုကဏ္ဍမှ အကျိုးသက်ဆိုင်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်က ဆိုသည်။

တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရန်အတွက် တရားရုံးဝန်ဆောင်မှုများ အများပြည်သူလက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေးဆောင်ရွက်ပေးရန်၊ အများပြည်သူ၏အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရန်၊ တရားစီရင်ရေး၏ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန် စသည့် မဟာဗျူဟာလုပ်ငန်း နယ်ပယ်ငါးရပ် သတ်မှတ်ထားကြောင်း သိရသည်။

ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန် မဟာဗျူဟာလုပ်ငန်းနယ်ပယ်မှ ပြစ်မှုဆိုင်ရာအမှုများအား ရှစ်ချိန်းနှင့် တရားမမှုများကို ၁၂ ချိန်းဖြင့် စစ်ဆေးမှုကိုပြီးပြတ်ရန် လျာထားသတ်မှတ်ထားကြောင်း သိရသည်။

“ကျွန်မတို့ရည်မှန်းထားတာကတော့ မှုခင်းတွေကို မြန်ဆန်ဖို့အတွက် ပြစ်မှုဆိုင်ရာ အမှုတွေဆိုရင် ရုံးချိန်းရှစ်ချိန်းထဲမှာ စစ်ဆေးမှုကိုပြီးပြတ်ဖို့၊ တရားမမှုဆိုရင် ရုံးချိန်း ၁၂ ချိန်းအတွင်းမှာ စစ်ဆေးပြီးပြတ်ဖို့အတွက် ရည်မှန်းချက်ထားထားတယ်။ လက်ရှိတကယ်တမ်းတော့ ပြစ်မှုမှာဆိုရင်လည်း ရှစ်ချိန်းထက်မကဘူးပေါ့။ စာအုပ်ထဲမှာတော့ Base Line တွေ အတိအကျဖော်ပြထားတယ်။ ဒါက ငါးနှစ်စီမံကိန်းပြီးတဲ့အခါမှာ ဒီရုံးချိန်းအရေအတွက်အတွင်းမှာ အပြီးစစ်ဆေးနိုင်ဖို့အတွက် ရည်မှန်ထားတာပါ” ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောကြားသည်။

လက်ရှိတွင် ပြစ်မှုဆိုင်ရာအမှုများနှင့် တရားမမှုများစစ်ဆေးမှုမြန်ဆန်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တရားရုံး၊ မကွေးမြို့နယ်တရားရုံး၊ မန္တလေးချမ်းအေးသာစံမြို့နယ်တရားရုံး၊ ဘားအံမြို့နယ်တရားရုံး၊ ပုသိမ်မြို့နယ်တရားရုံး၊ မုံရွာခရိုင်တရားရုံး၊ မော်လမြိုင်ခရိုင်တရားရုံးနှင့် တောင်ငူခရိုင်တရားရုံးတို့တွင် ရှေ့ပြေးတရားရုံးများအဖြစ် ဆောင်ရွက်နေကြောင်းသိရသည်။

၂၀၁၅-၂၀၁၇ ခုနှစ် မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းလျာထားသတ်မှတ်ချက်များသည် ရှေ့ပြေးတရားရုံး၏ ဆောင်ရွက်ချက်များအပေါ်တွင်သာ အဓိကတိုင်းတာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈-၂၀၂၂ ခုနှစ် မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းလျာထားသတ်မှတ်ချက်များသည် တရားရုံးအားလုံးနှင့်သက်ဆိုင်ကြောင်း သိရသည်။

ထို့ပြင် ယခင်မဟာဗျူဟာစီမံကိန်းတွင် စတင်အကောင်အထည်ဖော်ခဲ့သော ရှေ့ပြေးတရားရုံးအစီအစဉ်သည် ၂၀၁၇ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါရှေ့ပြေးတရားရုံး၏ မှုခင်းစီမံခန့်ခွဲမှု အကောင်ဆုံးကျင့်စဉ်များကို နိုင်ငံတစ်ဝှမ်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် တရားရုံးများအားလုံးသို့ သုံးနှစ်အတွင်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent