ထားဝယ်မြို့တွင် NNER ခြောက်လတစ်ကြိမ် အစည်းအဝေးကျင်းပပြီးစီးခဲ့ပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အစိုးရထံ တင်ပြမည်

ထားဝယ်မြို့တွင် NNER ခြောက်လတစ်ကြိမ် အစည်းအဝေးကျင်းပပြီးစီးခဲ့ပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အစိုးရထံ တင်ပြမည်
Published 17 December 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် NNER ခြောက်လတစ်ကြိမ်အစည်းအဝေး နှစ်ရက်တာကျင်းပမှုပြီးစီးခဲ့ပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာအချက်အလက်များကို အစိုးရထံ တင်ပြသွားရန်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ထားဝယ်မြို့ရှိ ရေနန်းတော်ကျောင်းတိုက်၌ ပညာရေးလွတ်လပ်ခွင့်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျင်းပနေသည့် ၎င်းဆွေးနွေးပွဲသို့မြန်မာနိုင်ငံအတွင်းမှ NNER ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ဒေသခံ ၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ ပထမရက်အဖြစ်ကျင်းပသည့် ဒီဇင်ဘာ ၁၅ ရက်တွင် တက်ရောက်လာသည့် NNER ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ် ၁၆၀ ခန့်က ခြောက်လအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို တင်ပြခြင်းနှင့် လာမည့်ခြောက်လအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်းသည့်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ဒုတိယနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၆ ရက်တွင် ပညာရေးလွတ်လပ်ခွင့်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“နံနက်က စကားဝိုင်းမှာကတော့ လက်ရှိပညာရေးပြုပြင်ပြောင်းလဲမှုမှာ ရင်ဆိုင်နေရတဲ့အခြေအနေ၊ နိုင်ငံရေးဆိုင်ရာ အခက်အခဲတွေ၊ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခက်အခဲတွေကို နံနက်ပိုင်းက သုံးသပ်ကြပါတယ်။ ဒုတိယပိုင်းကတော့ အဲဒီအခက်အခဲတွေကနေ ဘယ်လိုရုန်းထွက်ပြီးတော့ ဒီပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်အောင် ဆောင်ရွက်မယ်ဆိုတာကို ညနေပိုင်းမှာ ဆွေးနွေးပါတယ်။ ဒီညနေပိုင်းဆွေးနွေးမှုက အတော်လေး အားကောင်းပါတယ်။ ဒေါ်ညိုညိုသင်းက ဥပဒေအထောက်အထားတွေနဲ့၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဒီပညာရေးပြုပြင်ပြောင်းလဲမှု လုပ်လို့ရတယ်ဆိုတာကိုပြပါတယ်။ ကချင်ဘက်က ဆရာမတစ်ယောက်ကလည်း သူတို့ကိုယ်တိုင်ထူထောင်တဲ့ ကျောင်းတွေအကြောင်းပြောသွားတာ အတော်လေးအားရစရာကောင်းပါတယ်။ အစိုးရဘက်က တာဝန်ယူထားတာမရှိတဲ့အတွက် ဒေသခံတွေက တာဝန်ယူရတယ်။ ဒေသခံတွေပူးပေါင်းပြီး သင်ရိုးညွှန်းတမ်းလည်း ရေးဆွဲရတဲ့အတွက် ဒီလုပ်ငန်းတွေတင်ပြတော့ ဒါနောက်တစ်ချိန်မှာ ဖက်ဒရယ်နိုင်ငံထူထောင်ရင် ဆောင်ရွက်ရမယ့်လုပ်ငန်းကို အစပျိုးနေတာပဲ။ ဒါ နမူနာကောင်းရတဲ့အတွက် အကျိုးရှိပါတယ်။ မနေ့က ဆွေးနွေးချက်တွေမှာ NNER ရဲ့အားကောင်းချက်၊ အားနည်းချက်တွေကို ဝေဖန်ထောက်ပြတာရှိပါတယ်။ NNER အနေနဲ့ ထောက်ပြတဲ့ အားနည်းချက်တွေအပေါ်မှာ ပြန်လည်ပြင်ဆင်ဖို့ရှိတယ်။ နောက်ပြီးတော့ ဒီအစိုးရဘက်ကို တိုက်တွန်းချင်တာတွေလည်း ပြောသွားတာရှိပါတယ်။ အဲဒီအစိုးရကို တိုက်တွန်းတဲ့အချက်တွေကို စုဆောင်းပြီးတော့ အစိုးရကို ပြန်တင်ပြဖို့ရှိပါတယ်။ တစ်နည်းနည်းနဲ့ပေါ့။ ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတာကိုတော့ ထပ်ပြီးတော့ နည်းလမ်းရှာပါဦးမယ်” ဟု NNER ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ပြောကြားသည်။

ထားဝယ်မြို့တွင် နှစ်ရက်တာကျင်းပသည့် ဆွေးနွေးပွဲ၌ ဆွေးနွေးသည့်အချက်များစွာရှိသည့်အနက် အဓိကအချက်များအဖြစ် ပညာရေးပြုပြင်ပြောင်းလဲမှုကို အထူးပြုတိုက်တွန်းပေးရန်၊ ဗဟိုချုပ်ကိုင်မှုများလျှော့ချပေးရန်၊ တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသားကလေးငယ်များ နားလည်သည့် မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရရှိရန်နှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ ပါဝင်ခွင့်ရှိရန် တက်ရောက်လာသည့် တိုင်းရင်းသားလူမျိုးများဘက်မှ တင်ပြသွားပြီး ကျောင်းသားများအနေဖြင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်ရရှိရန် တင်ပြသွားကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်များ၌ တက္ကသိုလ်အာဏာပိုင်များနှင့် အစိုးရဘက်မှ ပုဂ္ဂိုလ်များက ၎င်းတို့နှင့်နီးစပ်သည့်သူများကို လက်သင့်ရာရွေးချယ်၍ ကျောင်းသားသမဂ္ဂဖွဲ့စည်းကာ ရုံးခန်းများပေးနေခြင်းများ ရှိနေသောကြောင့် ကျောင်းသားများအချင်းချင်း သွေးကွဲစေကြောင်း ဆွေးနွေးထောက်ပြမှုများရှိကြောင်း၊ ကျောင်းသားများအနေဖြင့် လွတ်လပ်စွာ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိသင့်ပြီးအစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသင့်ကာ အစိုးရ သို့မဟုတ် တက္ကသိုလ်အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ သြဇာခံမည့်သူများ၊ လက်ကိုင်တုတ်ဖြစ်မည့်သူများကို ကျောင်းသားသမဂ္ဂဖွဲ့ခိုင်းခြင်းမှာ မဖြစ်သင့်ကြောင်း ဆွေးနွေးမှုရှိပြီး ယင်းအချက်များကို အစိုးရထံ တင်ပြရန်ရှိကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။

NNER သက်တမ်းငါးနှစ်အတွင်း မြန်မာပြည်တွင်းရှိ ဒေသများသို့သွားရောက်၍ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က မကွေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ဒေသအသီးသီးရှိ ကိုယ်စားပြုသူများနှင့် ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ၊ ပညာရေးကဏ္ဍအသီးသီး စသည့်ကိုယ်စားပြုသူများဖြင့် NNER ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီမှ ဒေသအသီးသီးတွင်ရှိသူများနှင့် ညှိနှိုင်းကာ ခြောက်လတစ်ကြိမ် အစည်းအဝေးပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိတွင် NNER ခြောက်လတစ်ကြိမ်အစည်းအဝေးကို NNER ကွန်ရက်တွင်ချိတ်ဆက်ထားသည့် အဖွဲ့အစည်းများက ၎င်းတို့ဒေသတွင် ဆွေးနွေးပွဲပြုလုပ်ရန် အကြံပြုချက်အပေါ်မူတည်၍ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်နှင့် ယခု ထားဝယ်မြို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ရာ နောက်ထပ် ခြောက်လတစ်ကြိမ်အစည်းအဝေးကို ချင်းပြည်နယ်တောင်ပိုင်းတွင် ပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

Most Read

Most Recent