လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် ပတ်သက်၍ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် ဒီဇင်ဘာလကုန်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံမည်

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် ပတ်သက်၍ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် ဒီဇင်ဘာလကုန်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံမည်
Published 13 December 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တို့ အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ဒီဇင်ဘာလကုန်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ထိုသို့ အလွတ်သဘောတွေ့ဆုံရန် တပ်မတော်ဘက်မှ အဆိုပြုလာခြင်းဖြစ်ပြီး တွေ့ဆုံရာတွင် တပ်မတော်တစ်ခုတည်းထားရှိရေး၊ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာကိစ္စအပါအဝင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

“ဒီဇင်ဘာ ၂၀ အလွန်မှာ ဖိတ်ရမှာဖြစ်တယ်။ ၂၀ မလွန်ခင်တော့ ကျွန်တော်တို့ ပြင်ဆင်ရဦးမယ်။ ဘာတွေဆွေးနွေးမလဲဆိုတော့ ပိတ်ဆို့နေတဲ့ခေါင်းစဉ် သုံး၊ လေးခုရှိတယ်။ ဥပမာ တပ်မတော်တစ်ခုတည်းထားရှိရေး၊ နောက်ပြီးတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း DDR/SSR ကိစ္စတွေ တပ်မတော်ကဆွေးနွေးပွဲစပြီးဖွင့်ဖို့ အဆိုပြုလာတယ်။ ဒီခေါင်းစဉ်တွေနဲ့ ဆွေးနွေးရအောင် ကျွန်တော်တို့လည်း သဘောတူတယ်။ ဒါပေမဲ့ အလွတ်သဘောအရင်တွေ့ပြီး ဆွေးနွေးတာက ပိုပြီးအဆင်ပြေမယ်။ ဘာကြောင့်လဲဆိုတော့ တရားဝင်သွားဆွေးနွေးရင် ကျွန်တော်တို့ကအဆင်မပြေဘူးလေ၊ အလုပ်မဖြစ်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ လုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ကျင်းပခဲ့ပြီး လုံခြုံရေးကဏ္ဍကို အလွတ်သဘောဆွေးနွေးရန် ခြောက်ဦးပါသည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်းပါဝင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကိုယ်စားလှယ်နှစ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှတစ်ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ တစ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မှတစ်ဦး စုစုပေါင်းခြောက်ဦးပါဝင်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ DKBA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ ကျင်းပခဲ့သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ညီလာခံ၌ တင်သွင်းဆွေးနွေးသည့် ကဏ္ဍငါးခုအနက် လုံခြုံရေးကဏ္ဍအား ဆွေးနွေးခဲ့ခြင်းမရှိပေ။ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် လုံံခြုံရေးကဏ္ဍအား ဆွေးနွေးမှုရှိခဲ့ပြီး သဘောတူရလဒ်ထွက်ပေါ်လာခြင်းမရှိသေးပေ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) တို့သည် အောက်တိုဘာ ၁၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ နောက်ဆုံးတွေ့ဆုံထားပြီး တွေ့ဆုံစဉ် NCA ပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တွေ့ဆုံမှု၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးကို ဦးတည်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ ပြည်သူလူထုအားလုံး၏ဆန္ဒမှာ အေးချမ်းစွာနေထိုင်လိုပြီး မိမိတို့ဘဝတိုးတက်အောင် လုပ်ဆောင်လိုကြကြောင်း၊ ကိုယ်စိတ်ချမ်းသာမှု၊ ကျန်းမာမှုရယူလိုကြကြောင်း၊ အချို့နေရာများတွင် နိုင်ငံရေးသမားများ၏မဲဆွယ်မှု၊ အခွင့်အရေးပေး၍စည်းရုံးမှု၊ အကြောက်တရားဖြင့် ခြိမ်းခြောက်မှုများကြောင့် ပါဝင်လာရသည်များလည်းရှိကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးတွင်မသက်ဆိုင်သည်များကို ပုံကြီးမချဲ့ဘဲ အတတ်နိုင်ဆုံးဘောင်ကျဉ်းကျဉ်းဖြင့် ထိရောက်အောင်မြင်စေရန် လုပ်ဆောင်စေလိုကြောင်း၊ နယ်မြေချဲ့ထွင်လုပ်ဆောင်မှုကြောင့် ပြည်သူလူထုမှာ ကြားညပ်ရကြောင်း၊ NCA ပါအကြောင်းအရာများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တပ်မတော်အနေဖြင့် အထူးလိုလားကြောင်း၊ အသင့်လည်းရှိပါကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်သည်များကို အချိန်မဆိုင်းဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။