နိုင်ငံရေးမျိုးဆက်အသီးသီး ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏အမည်၊ အခြေခံမူနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပမည်

နိုင်ငံရေးမျိုးဆက်အသီးသီး ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏အမည်၊ အခြေခံမူနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပမည်
Published 13 December 2017

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးမျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏အမည်၊ အခြေခံမူနှင့်လုပ်ငန်းစဉ်များ သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းထားသည့် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီဖြစ်မြောက်ရေး စည်းရုံးရေးကော်မတီရှိတဲ့ မြို့နယ်တိုင်းက ကိုယ်စားလှယ်တွေတက်ကြမှာပေါ့။ ပါတီဖြစ်မြောက်ရေးအတွက် မြို့နယ်အလိုက် စည်းရုံးရေးကော်မတီဖွဲ့ထားတယ်။ အဲဒီစည်းရုံးဖွဲ့ပြီးသား မြို့နယ်အားလုံးပေါ့။ ဆိုင်းဘုတ်တင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ ဖွဲ့ထားပြီးသား မြို့နယ်တိုင်း စုံညီအစည်းအဝေးတက်ကြမှာပေါ့ဗျာ။ အဓိက ကျွန်တော်တို့သုံးခုပေါ့။ ပထမတစ်ခုက ပါတီအမည်ပေါ့။ ပါတီအမည်ဆုံးဖြတ်မယ်။ ပါတီအမည် အဆင်သင့်ဖြစ်တယ်ဆိုရင် ဒီဇိုင်းနဲ့ပတ်သက်လို့ ကိုယ့်နိုင်ငံရေးနယ်ပယ်ထဲ ကိုယ့်ရဲဘော်တွေဘာတွေ အလံဒီဇိုင်းနဲ့ပတ်သက်လို့ အကူအညီတောင်းထားတယ်။ အချိန်မီတယ်ဆိုရင် တစ်ခါတည်းတင်မယ်။ အချိန်မမီရင်နောင်မှပေါ့။ နောက်တစ်ခုက ပါတီဖွဲ့စည်းပုံပေါ့။ ပါတီရဲ့ကော်မရှင်မှာတင်မယ့် ဖွဲ့စည်းပုံ။ နောက်တစ်ခုပါတီရဲ့အခြေခံမူနဲ့ အခြေခံလုပ်ငန်းစဉ်တွေ ဆုံးဖြတ်မယ်” ဟု ဗဟိုလုပ်ငန်းကော်မတီဦးဆောင်အဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။

ထိုသို့ ပါတီအမည်ရွေးချယ်ပြီးပါက ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၁၈ ခုနှစ်ဇန်နဝါရီလဆန်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဗဟိုအဆင့်ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်အတွင်းပြုလုပ်ကာ ဗဟိုအဆင့်ကော်မတီများကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီသစ်၏ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် သြဂုတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီကို ပထမဆုံးဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ရုံးခန်းကို ဟင်္သာတမြို့တွင် အောက်တိုဘာ ၁ ရက်၌ ဖွင့်လှစ်ခဲ့သည်။

ထို့အတူ မကွေးတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီကို စက်တင်ဘာ ၁၁ ရက်ကဖွဲ့စည်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပါတီဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။

အလားတူ စတုတ္ထမြောက်စည်းရုံးရေးအဖြစ် အောက်တိုဘာ ၂၂ ရက်က မွန်ပြည်နယ် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းခဲ့သည့်အပြင် မြို့နယ်အချို့တွင်လည်း ကော်မတီများ ဖွဲ့စည်းထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့၏ ဖိတ်ကြားချက်အရ ဗဟိုလုပ်ငန်းကော်မတီဦးဆောင်အဖွဲ့ တာဝန်ခံ ဦးကိုကိုကြီး ဦးဆောင်သော နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာလအတွင်းက လေ့လာရေးခရီး သွားရောက်ထားသည်။