NCA ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို မမှိတ်မသုန် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထုတ်ပြန်

NCA ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို မမှိတ်မသုန် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထုတ်ပြန်
Published 12 December 2017

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကတိကဝတ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို မမှိတ်မသုန် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဗဟိုကော်မတီက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

(၆၈) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကြေညာချက်ထုတ်ပြန်ရာတွင် PNLO အဖွဲ့က အထက်ပါအချက်အား ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါကြေညာချက်၌ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) ကိုစတင်ဖွဲ့စည်း၍ လက်နက်ကိုင်လမ်းစဉ်ကို အခြေခံထားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဓိကထားဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပအိုဝ်းပြည်သူတို့က ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့်အတူ ဆင်နွှဲခဲ့သည်မှာ (၆၈) နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနှင့် ယနေ့အခါသမယသည် နှစ် (၇၀) မြောက် လွတ်လပ်ရေးနေ့၏ အကြိုကာလလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လွတ်လပ်ရေးတိုက်ပွဲအကြိုကာလ အမျိုးသားအင်အားစုများ အတွင်းထားရှိခဲ့သော ကတိကဝတ်များကို မဖော်ဆောင်နိုင်ခဲ့ကြသောကြောင့်လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ရှမ်းပြည်နယ်တွင် ခေတ်ကာလအခြေအနေတို့နှင့် မကိုက်ညီတော့သည့် ပဒေသရာဇ်စနစ် ဆက်လက်တည်ရှိနေသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် တန်းတူရေးကိုမြတ်နိုးသောကြောင့်လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လူထုလှုပ်ရှားမှုအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ရှမ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူး၊ ပအိုဝ်းနှင့် ဂေါ်ရခါးအပါအဝင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးပေါင်းစုံ လူထုလူတန်းစား အလွှာပေါင်းစုံတို့က ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေး သွေးမော်ကွန်း ချွေးမော်ကွန်းများကို ရင်းနှီးစိုက်ထူခဲ့ကြရကြောင်း PNLO ၏ကြေညာချက်တွင်ပါရှိသည်။

“လွတ်လပ်ရေးရအောင် ဖဆပလကို ရှမ်းပြည်သူပြည်သားတွေက ဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးမယ်။ တိုက်ပွဲဝင်ပေးမယ်။ လွတ်လပ်ရေးရပြီးတဲ့အခါကျလို့ရှိရင် ဖဆပလက ရှမ်းပြည်မှာပဒေသရာဇ်စနစ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ပေးမယ်ဆိုတာ ဒါလွတ်လပ်ရေးမတိုင်မီက ကတိကဝတ်တွေပါပဲ။ လွတ်လပ်ရေးရပြီးတဲ့အခါကျတော့ အစိုးရဆိုတာအစိုးရပဲ။ ဖဆပလအစိုးရက သူ့ရဲ့အာဏာတည်မြဲရေးအတွက် ပဒေသရာဇ်စနစ်ချုပ်ငြိမ်းရေးကို မလုပ်ပါဘူး။ အဲဒီအချိန်မှာ ပဒေသရာဇ်ဆန့်ကျင်ရေးကိုလုပ်တာ အထူးအားဖြင့် ပအိုဝ်းတွေများတာပေါ့လေ။ လူမျိုးစုံကလုပ်တာပေါ့။ ပအိုဝ်းလူမျိုး တစ်မျိုးတည်းလုပ်တာမဟုတ်ပါဘူး။ ပအိုဝ်းလူမျိုးတွေ အများအပြားပါဝင်ခဲ့တာပေါ့။ အဲဒီပဒေသရာဇ်စနစ်ဆန့်ကျင်လုပ်တဲ့ အထူးအားဖြင့် ပအိုဝ်းတွေကို အဲဒီကာလမှာ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ထောင်ချတာတွေ၊ နှိပ်စက်တာတွေ ပြင်းထန်လာတယ်။ ပြင်းထန်လာတဲ့အခါကျ အဲဒီမှာပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး။ စော်ဘွားတွေကို ဆန့်ကျင်တာမဟုတ်ဘူး။ အဓိကအားဖြင့် ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးလုပ်ကြမယ်ဆိုပြီး အဲဒီမှာ ကျွန်တော်တို့ ပြင်းထန်ခဲ့တာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။

ထို့ပြင် ယခုအခါ ရှမ်းပြည်တိုင်းရင်းသား လူမျိုးပေါင်းစုံအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင်းတလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုညီညွတ်ရေးကိုရယူ၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်များအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများနှင့်အတူ ပါဝင်ဆွေးနွေး အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် NCA ၏အခြေခံမူပုဒ်မ ၁ (က) ပါ ဒီမိုကရေစီတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အ၀ အာမခံချက်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ ထူထောင်နိုင်မည့် ပြည်ထောင်စုသဘောတူစာချုပ်ရရှိရေးသို့ ဦးစားပေးအကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် မည်ကဲ့သို့သောစိန်ခေါ်မှုများ အခက်အခဲအကျပ်အတည်းများ ကြုံတွေ့ရစေကာမူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှင့် NCA ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို မမှိတ်မသုန် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ တရုတ်ဖြူ ကူမင်တန်များကျူး ကျော်ဝင်ရောက်စဉ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) သည် ပြည်ထောင်စုအစိုးရ ဗမာ့တပ်မတော်တို့နှင့် ယာယီအပစ်အခတ်ရပ်စဲ၍ ပြည်ပရန်ကို ပူးပေါင်းတိုက်ထုတ်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး မိမိတို့ ပြည်ထောင်စုကြီးအား ပြည်ပကျူးကျော် အန္တရာယ်ကျရောက်မည့်အခါများတွင်လည်း ပအိုဝ်းပြည်သူများအပါအဝင် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများနှင့်အတူ ကြံ့ကြံ့ခံ ရင်ဆိုင်တွန်းလှန်ရပ်တည်သွားမည်ဖြစ်ကြောင်း PNLO ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။