စဉ့်ကူးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်အတွင်း လူသုံးဦး ဝင်ရောက်ကာ ဆိုင်အတွင်းရှိလူများအား ဓားထောက်ချုပ်နှောင်ပြီး ငွေနှင့်ပစ္စည်းများ လုယူမှုဖြစ်ပွား

စဉ့်ကူးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်အတွင်း လူသုံးဦး ဝင်ရောက်ကာ ဆိုင်အတွင်းရှိလူများအား ဓားထောက်ချုပ်နှောင်ပြီး ငွေနှင့်ပစ္စည်းများ လုယူမှုဖြစ်ပွား
Published 12 December 2017

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်အတွင်း လူသုံးဦးမှ ဝင်ရောက်ကာ ဆိုင်အတွင်းရှိ လူများအား ဓားထောက်ချုပ်နှောင်ပြီး ငွေနှင့်ပစ္စည်းများ လုယူမှုဖြစ်ပွားခဲ့ပြီး တရားခံသုံးဦးအား ဖမ်းဆီးထားကြောင်း ရဲကင်းရဲစခန်း (လက်ပန်လှ) မှ စခန်းမှူးက နိုဝင်ဘာ ၁၁ ရက် ညနေပိုင်း ၄ နာရီက ပြောကြားသည်။

ဖြစ်စဉ်မှာ စဉ့်ကူးမြို့နယ် ရွာတော်လေးရွာတွင် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်း ၃ နာရီ ဝန်းကျင်က စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၄၂ နှစ်အရွယ်နှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦး ရှိနေစဉ် မျက်နှာဖုံးစွပ်များဖြင့် အမျိုးသားသုံးဦး ဆိုင်ကယ်တစ်စီးဖြင့် ဆိုင်အတွင်း ဝင်ရောက်လာပြီး ဝန်ထမ်းနှစ်ဦးအား ဓားပြားဖြင့်ရိုက်ပြီး အော်လျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ဝန်ထမ်းနှစ်ဦးထံမှ လက်ကိုင်ဖုန်းနှစ်လုံးနှင့် စက်သုံးဆီ ရောင်းရငွေ ကျပ် ၁၀၀၀၀၀ တို့အား ဓားထောက်ယူဆောင်ခဲ့ကြောင်း၊ ဝန်ထမ်းနှစ်ဦးအား ဆီဆိုင်ရုံးခန်းအတွင်းသို့ ခေါ်ဆောင်ထိုင်ခိုင်းပြီး တစ်ဦးက ဓားထောက်လျက် ကျန်နှစ်ဦးက ဆိုင်မန်နေဂျာအိပ်ခန်းအတွင်း ဝင်ရောက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် မိနစ် ၂၀ ခန့်အကြာ အိပ်ခန်းအတွင်းမှ ပြန်လည်ထွက်သွားပြီး ရုံးခန်းအတွင်းရှိ သေတ္တာနှင့် ကောင်တာအံဆွဲတို့ကို အခန်းတွင်းရှိ တူဖြင့်ရိုက်ဖျက်ကာ ငွေကျပ် ၈၄၀၀၀၀ ခန့်၊ ပုဆိုးရှစ်ထည်တို့ကို ယူဆောင်ကာ ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် လက်ပန်လှရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ဆိုင်မန်နေဂျာနှင့် အသက် ၂၈နှစ်အရွယ် ဆိုင်ဝန်ထမ်း အမျိုးသားနှစ်ဦးမှာ ဝိုင်ယာကြိုးဟောင်းများနှင့် လက်နောက်ပြန် တုပ်ချည်နှောင်ထားခဲ့ပြီး မန်နေဂျာ၏ အင်္ကျီအိတ်ကပ်အတွင်း ထည့်ထားသည့် ငွေကျပ် ၂၀၀၀၀ ခန့်နှင့် ဖုန်းတစ်လုံးတို့အား ယူဆောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ ဆက်လက်သိရသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ရဲကင်းရဲစခန်း (လက်ပန်လှ) တွင် တိုင်တန်းခဲ့သောကြောင့် တရားခံများအား တာဝန်ရှိရဲများမှ ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ၊ အမှတ် (၈) ရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသည့် တဲအတွင်း ထွန်းလင်းအောင် ၂၇ နှစ်၊ တောင်သူလုပ်သူနှင့် ကျော်ဆန်းဝင်း ၁၈ နှစ်၊ ရွှေလုပ်သားလုပ်သူနှစ်ဦးအား လက်ကိုင်ဖုန်း နှစ်လုံး၊ ငွေကျပ် ၃၇၀၀၀၀နှင့် အရိုးအသွား ၁၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးအား ည ၉နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ ရေပူအုပ်စု၊ ရေပူရပ်ကွက်နှင့် ကတုတ်တက်ကျေးရွာသွားလမ်းမတွင် လူမုန်း (ခ) သန်းထိုက် ၃၀ နှစ် တောင်သူလုပ်သူအား ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူနှင့် ဒဏ်ရာရသူများ မရှိကြောင်း သိရပြီး ရဲကင်းရဲစခန်း (လက်ပန်လှ) မှ တရားခံသုံးဦးအား (ပ) ၂၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent