အကောက်ခွန်နယ်မြေများမှ ကျပ်လေးဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ အောက်တိုဘာလအတွင်း သိမ်းဆည်းရမိ

အကောက်ခွန်နယ်မြေများမှ ကျပ်လေးဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ အောက်တိုဘာလအတွင်း သိမ်းဆည်းရမိ
Published 28 November 2017

အောက်တိုဘာတစ်လတည်းတွင် လေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ စစ်ဆေးရေး စခန်းများနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့မှ ကျပ်လေးဘီလျံကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းနှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီးတို့တွင် တင်သွင်း/ တင်ပို့ ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို ရှာဖွေစစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ခန့်မှန်းတန်ဖိုး ကျပ် ၄၈၁၇ ဒသမ ၂၇၈ သန်းခန့်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တားဆီး၊ ဖမ်းဆီးမှု ၄၅၆ မှုရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်လည်း ခန့်မှန်းတန်ဖိုး ကျပ် ၃၂၁၆ ဒသမ ၀၈၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ခြောက်လတာကာလအတွင်း အ ကောက်ခွန်မဲ့ပစ္စည်းတားဆီးမှု စုစုပေါင်း ၂၀၈၄ မှုရှိပြီး ခန့်မှန်းတန်ဖိုးကျပ် ၁၅၉၃၀ ဒသမ ၉၀၂ သန်းရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထား သည်။

တရားမဝင်ကုန်စည်များ သယ်ဆောင်ရောင်းဝယ်မှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ နှစ်ပေါင်းများစွာ ကြီးမားသောပမာဏဖြင့် နစ်နာဆုံးရှုံးလျက်ရှိကြောင်း၊ တရားမဝင် ကုန်စည်များတွင် ပြည်သူများ စားသုံးရန်မသင့်သော၊ ကျန်းမာရေးကိုထိခိုက်စေသော ကုန်စည်များ ပါဝင်နေကြောင်း သိရသည်။

Most Read

Most Recent