တရုတ်နှင့်ထိစပ်နေသည့် ကုန်သွယ်ရေးစခန်းနှစ်ခုတွင် ကုန်သွယ်မှုအတွက် ဟွန်ဒီနှင့် တရုတ်အာမခံကုမ္ပဏီများကို အားထားနေရသဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ လုပ်ကိုင်ခွင့်ပေးရန် တောင်းဆို

တရုတ်နှင့်ထိစပ်နေသည့် ကုန်သွယ်ရေးစခန်းနှစ်ခုတွင် ကုန်သွယ်မှုအတွက် ဟွန်ဒီနှင့် တရုတ်အာမခံကုမ္ပဏီများကို အားထားနေရသဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ လုပ်ကိုင်ခွင့်ပေးရန် တောင်းဆို
Published 30 October 2017

 

ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လွယ်ကျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် တရုတ်နိုင်ငံသို့ ကားသေး၊ ကားကြီးများ သွားလာရန် တရုတ်အာမခံ ကုမ္ပဏီများထံ အာမခံထားရှိနေရပြီး မထားရှိပါက ဒဏ်ငွေဆောင်နေရခြင်းနှင့် ကုန်သွယ်မှုပြုရာတွင် ဟွန်ဒီနှင့်တရုတ်ဘဏ်များအား အသုံးပြုနေရသဖြင့် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကို ပုဂ္ဂလိကဘဏ်များအား လုပ်ကိုင်ခွင့်ပြုပေးရန် ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမော်ဦးက တောင်းဆိုသည်။

ဒုတိယသမ္မတ-၁ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံသည့် (၁၁) ကြိမ်မြောက်  ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် အဆိုပါ တောင်းဆိုချက်သာမက ကချင် ပြည်နယ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွက် ကချင်ပြည်နယ် ကန်ပိုက်တည် နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ ထိန်ချုံးမြို့၊ ဟိုက်ကျိထန်ဂိတ်နှင့် နယ်စပ်ဆက်သွယ်ရေး ဂိတ်ဖြစ်ပြီး ထိန်ချုံးခရိုင်အစိုးရသည် ဟိုက်ကျိထန်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဂိတ်အဖြစ်၊ လေဆိပ်ကိုလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး ထိန်ချုံးမှ ဟိုက်ကျိထန်ဂိတ်သို့ အဆင့်မြင့် လမ်းမဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ထိန်ချုံးခရိုင်သို့ နှစ်စဉ်ရောက် ခရီးသွားဧည့်သည် ၁၀ သန်းခန့်ရှိပြီး အဆိုပါ ၁၀ သန်းအနက်မှ  နှစ်သန်းသည် ကချင်ပြည်နယ်သို့ လာရောက်လည်ပတ်လျှင်ပင် ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သဖြင့် ကန်ပိုက်တည် နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ကာ Border Pass အဆင့်သာမက Visa များ ထုတ်ပေးပါရန်နှင့် Border Pass လက်မှတ်နှင့် ဝိုင်းမော်မြို့အထိသာ သွားရောက်ခွင့်ပြုထားခြင်းအား ဖြေလျှော့ပေးပါရန် ဦးမော်ဦးက တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များအပြင် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့်လွယ်ကျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကုန်ထားသို၊ ခင်းကျင်းပြသရန် အခက်အခဲ ရှိနေခြင်းကြောင့် ကုန်စည်သိုလှောင်ရုံ၊ အရင်းပြကွင်း၊ အအေးခန်း၊ ပစ္စည်းတားကွင်း အစရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးပါရန်နှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများတွင် တရားမဝင်၊ စားသောက်ရန် မသင့်သော ကုန်ပစ္စည်းနှင့် အစားအသောက်များအား စစ်ဆေးနိုင်ရန်အတွက်  FDA ဌာန ထားရှိပေးရန်လည်း လိုအပ်နေသည်ဟု ဒုသမ္မတ-၁ အား တောင်းဆိုခဲ့ကြောင်း သိရသည်။