■ အဝါရောင်လှိုင်းရယ်၊ မာကိုရွိုက်စ်ရယ် 

■ အဝါရောင်လှိုင်းရယ်၊ မာကိုရွိုက်စ်ရယ် 
Photo: Getty Images
Photo: Getty Images
Published 10 May 2024
AK

အဝါရောင်လှိုင်းတွေ ချန်ပီယံလိဂ်ကို လွှမ်းမိုးနေပြီ။ ပါရီမှာ ကြယ်ပွင့်လေးဘာပေကို အသည်းခွဲပြီး ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ချီတက်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ အကြိမ်ကြိမ် နာကျင်ဖူးတဲ့ ဒုတိယလူပါပဲ။ ပြီးခဲ့တဲ့ရာသီကဆိုရင် သူတို့လက်ထဲ ဘွန်ဒစ်လီဂါဖလား အလည်လာလုနီးပါး ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာ နာကျင်အသည်းကွဲရပြန်တယ်။ ဒီတစ်ခါ ဝင်ဘလေစီးချင်းထိုးပွဲမှာရော ဘယ်လိုပြိုင်ဘက်မျိုးမဆို ကျော်ဖြတ်လိုက်ဖို့ ဒေါ့မွန်မှာ ယုံကြည်စိတ်ခိုင်မာနေပါပြီ။

အဝါရောင်လှိုင်းတွေ ချန်ပီယံလိဂ်ကို လွှမ်းမိုးနေပြီ။ ပါရီမှာ ကြယ်ပွင့်လေးဘာပေကို အသည်းခွဲပြီး ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ချီတက်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ အကြိမ်ကြိမ် နာကျင်ဖူးတဲ့ ဒုတိယလူပါပဲ။ ပြီးခဲ့တဲ့ရာသီကဆိုရင် သူတို့လက်ထဲ ဘွန်ဒစ်လီဂါဖလား အလည်လာလုနီးပါး ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာ နာကျင်အသည်းကွဲရပြန်တယ်။ ဒီတစ်ခါ ဝင်ဘလေစီးချင်းထိုးပွဲမှာရော ဘယ်လိုပြိုင်ဘက်မျိုးမဆို ကျော်ဖြတ်လိုက်ဖို့ ဒေါ့မွန်မှာ ယုံကြည်စိတ်ခိုင်မာနေပါပြီ။

    

နာကျင်မှုကို ဘာနဲ့ တိုင်းတာလဲ။ ဒါမှမဟုတ် နာကျင်မှုဟာ တိုင်းတာလို့မရနိုင်ဘူးလား။ တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်နှစ်စာ၊ ဒီထက်ပို၍ တစ်ဘဝစာ၊ ဒီထက်ပို၍ ကမ္ဘာတစ်ခုစာ၊ ဒီထက်ပို၍ သံသရာတစ်ခုစာ၊ အထုံပါသွားမယ့် နာကျင်မှုလေလား။ နာကျင်နေသူတွေအတွက် ပို့သလိုက်တဲ့ မေတ္တာစာတွေ၊ နာကျင်နေသူတွေအတွက် ကိုယ်ချင်းစာဝတ်ရုံတွေ၊ နာကျင်နေသူတွေအတွက် ရယ်သံလွင်လွင်လေးတွေ၊ နာကျင်နေသူတွေအတွက် ဘုရားဟာတရားပြခဲ့တယ်။ ဒါပေမဲ့ နာကျင်နေသူတွေရဲ့ အတွင်းဒဏ်ရာဟာ မတိတ်နိုင်ဘူး။ နာကျင်နေသူတွေရဲ့ ခံစားချက်ကို အတိအကျမသိနိုင်ဘူး။ တစ်ခါတလေ ဝမ်းနည်းစွာ တွေးမိတယ်၊ နာကျင်နေသူတွေရဲ့ နာကျင်မှုဟာ သေရာပါပဲလားဆိုပြီး။

    

မာကိုရွိုက်စ်ဟာ နာကျင်ခဲ့ရပါတယ်။ ဒုတိယလူအဖြစ် သူနာကျင်ရတာတစ်ခါမကပါ။ သူ့အတွက် မေတ္တာထားပြီး နာကျင်သူသန်းပေါင်းများစွာ၊ဒေါ့မွန်ပရိသတ်တွေသာမကဘဲ ကြားနေပရိသတ်တွေလည်း ထပ်တူနာကျင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်ဟာ လေဗာကူဆင်လိုအိပ်မက်မျိုး မက်ခွင့်ရတယ်။ ပြီးခဲ့တဲ့ရာသီက အဝါရောင်တံတိုင်းမှာ Win haben es in Hand! ဆိုတဲ့ စာတန်းရှိခဲ့တယ်။ "ငါတို့လက်ထဲက ချန်ပီယံဆု"လို့ အဓိပ်ပ္ပာယ်ရတဲ့စာတန်းပါပဲ။ ဟုတ်ပါတယ်၊ ဒေါ့မွန်လက်ထဲက ချန်ပီယံဆုပါ။ ဒါပေမဲ့ ကံတရားဟာ ဒေါ့မွန်ကို အခွင့်အရေးမပေးခဲ့ဘူး။ ဒါမှမဟုတ် ဒေါ့မွန်ဟာ ကိုယ့်ဒိန်ခဲကို လွှင့်ပစ်လိုက်တယ်။ လူတိုင်းဟာ ဒေါ့မွန်အတွက် အတူကြည်နူးခဲ့တယ်။

လူတိုင်းဟာ မာကိုရွိုက်စ်အတွက် အတူကြည်နူးခဲ့တယ်။ လူတိုင်းဟာ ဘွန်ဒစ်လီဂါရဲ့ အာဏာရှင် ဘိုင်ယန်ကို ဆန့်ကျင်ခဲ့ကြတယ်။ အဆုံးသတ်မှာ မာကိုရွိုက်စ်အတွက် ထပ်ပြီးကြေကွဲကြရပြန်တယ်။ မာကိုရွိုက်စ်ကိုယ်တိုင်လည်း ဆွေးမြေ့စိတ်ဟာ အညွန့်တလူလူဖြစ်ခဲ့ရတယ်။

    

ညနေကြယ်လေးကို မာကိုရွိုက်စ်စောင့် မျှော်ခဲ့တယ်။  အောင်မြင်မှုဟာ မာကိုရွိုက်စ်ကို ကိုယ် ထင်ပြပြီးမှ ခဏလေးနဲ့ပြန်လည်ပျောက်ကွယ်သွား တဲ့ ညနေကြယ်လေးပါပဲ။ အဲဒီညနေကြယ်လေးနဲ့ဖူးစာဆုံခွင့်ရမယ့်ကံတရားဟာ မာကိုရွိုက်စ်ဆီ ရောက်လာဖူးတာပဲ။ ဒေါ့မွန်ထက်ပိုပြီး ဆုဖလားတွေအာမခံချက်ရှိမယ့် ထိပ်တန်းအသင်းတွေဟာ မာကိုရွိုက်စ်ကို အရေးပေါ် ဆာလောင်ဖူးတာပဲ။ ဒါပေမဲ့ မာကိုရွိုက်စ်ရဲ့သစ္စာတရားဟာ ဒေါ့မွန်အတွက်ပဲဖြစ်တယ်။ ဒေါ့မွန်အတွက် လောကဓံနဲ့စီးချင်းထိုးခဲ့တယ်။ အဝါရောင်တံတိုင်းမှာ မာကိုရွိုက်စ် ပျိုးတဲ့ သစ္စာပန်းဟာ ၁၂ နှစ်ကြာဝေခဲ့တယ်။ မာကိုရွိုက်စ်အတွက်လည်း ကျွန်တော်တို့ ကြည်နူးရပါတယ်။ သူ့ရဲ့ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးရာသီမှာ ချန်ပီယံလိဂ်လို ခမ်းနားအောင်ပွဲနဲ့နှုတ်ဆက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ "ကျွန်တော်တို့ အတော်လေး ဖိကစားခံရပါတယ်။ ဒါပေမဲ့ ပွဲကို ဘယ်လိုအနိုင်ရခဲ့လဲဆိုတာ နောက်တစ်ရက်ကျရင် ဘယ်သူမှပြောတော့မှာမဟုတ်ဘူး။ PSG အသင်းရဲ့ ကန်ချက်တွေ တိုင်ထိထွက်တဲ့အကြောင်း နောက်ရက်ကျရင် ဘယ်သူမှပြောတော့မှာ မဟုတ်ဘူး။ ဒေါ့မွန်အသင်း ဖိုင်နယ်ရောက်တဲ့အကြောင်းပဲ ပြောကြတော့မှာပါ။ ဘယ်သူမှ မထင်ထားတဲ့ အခြေအနေမှာ ဒေါ့မွန်ဖိုင်နယ်တက်ခဲ့တာ တကယ်အသိအမှတ်ပြုရမယ့် အရာပါ" လို့ မာကိုရွိုက်စ် ပျော်ရွှင်စွာ ပြောခဲ့တယ်။

    

PSG နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် နှစ်ပွဲစလုံးမှာ သူရဲကောင်းဖြစ်ခဲ့သူ နှစ်ချို့ဝိုင် ဟမ်းမဲလ်က ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ၁၉၉၇ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ပိုင်ဆိုင်ပြီးနောက် ဒေါ့မွန်ဟာ နောက်ထပ်ရေစက်မဆုံတော့ဘူး။ ၂၀၁၃ ခုနှစ်မှာ ဝင်ဘလေ ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ရောက်ပြန်ပေမယ့် ဘိုင်ယန်မြူးနစ်ကိုအညံ့ခံရပြီး အသည်းကွဲရပြန်တယ်။ ရုပ်ရှင်တွေထဲကလို ၁၁ နှစ်ကြာသောအခါလို့ စာတန်းထိုးပြီးနောက် ဒေါ့မွန်အတွက် ကံကြမ္မာ တစ်ခေတ် ဆန်းခဲ့ပါပြီ။ လက်ရှိရာသီချန်ပီယံလိဂ် အုပ်စုအဆင့်မှာပဲ ဒေါ့မွန်ဟာ အကြီးအကျယ်စမ်းသပ်ခံရပါတယ်။  PSG၊ အေစီမီလန်၊ နယူးကာဆယ်တို့နဲ့ အုပ်စုကျပ်ထဲကျရောက်ခဲ့တယ်။ အဲဒီအုပ်စုမှာ ဒေါ့မွန်ကဖေးဘရိတ်မဟုတ်ပါဘူး။ အုပ်စုအဆင့်ကနေ ထွက်ရလိမ့်မယ်ဆိုပြီး ယူဆသူတွေ ရှိပါတယ်။ အခု အားလုံးအထင်မကြီးတဲ့ ဒေါ့မွန်က ချန် ပီယံလိဂ်ဖလားနဲ့ လက်တကမ်းအကွာ ရောက်လာခဲ့ပြီ။

    

ဟမ်းမဲလ်က "အုပ်စုဒုတိယပွဲကစားပြီးချိန်ကစလို့ ကျွန်တော်တို့ တစ်ခုခုလုပ်ပြနိုင်မယ်ဆိုတာ ယုံကြည်ခဲ့တယ်။ ဘာလို့များ ဝင်ဘလေမှာ ကျွန်တော်တို့အသင်း ချန်ပီယံမဖြစ်နိုင်ရမှာလဲ။ အောင်မြင်မှုအတွက် လိုအပ်တဲ့စွမ်းရည်ရှိပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဂိုးတွေ အများကြီးမသွင်းနိုင်ခဲ့ပါဘူး။ ငါးဂိုးလား သွင်းနိုင်ခဲ့တယ်။ အခု ဖိုင်နယ်မှာ ဂိုးထပ်သွင်းချင်ပါတယ်"လို့ ကြွေးကြော်ခဲ့တယ်။ ဒေါ့မွန်နည်းပြ တာဇစ်က ပြောဖူးတာရှိတယ်။  အရင်တုန်းကထက် ပိုပြီးဆာလောင်နေမယ့် ဒေါ့မွန် ဖြစ်စေရမယ်၊ အရင်တုန်းကထက် ပိုပြီးရုန်းကန်မယ့် ဒေါ့မွန် ဖြစ်စေရမယ်၊ အရင်တုန်းကထက် ပိုပြီးအော်ဟစ်အားပေးနေမယ့် ဒေါ့မွန် ဖြစ်စေရမယ်ဆိုတာပဲ။ အခု သူပြောသလိုမျိုး ဒေါ့မွန်ဟာနိုင်ပွဲကိုပိုပြီးဆာလောင်နေတယ်။ အဲဒီ ဆာလောင်စိတ်အတွက် ပိုပြီးရုန်းကန်ပြနေတယ်။ ဒေါ့မွန်ပရိသတ်တွေကလည်း အံ့ချီးဖွယ်ရာ အောင်ပွဲ အတွက် အသံကုန်ဟစ်ကြွေးနေပါပြီ။

    

ဒေါ့မွန်ဟာ စံချိန်တင်ပြောင်းရွှေ့ကြေးတွေမရှိဘဲ ချန်ပီယံလိဂ်ဖိုင်နယ်ခရီးကို ချီတက်ပြခဲ့တယ်။ ဒေါ့မွန်ဟာ စူပါစတားတွေမရှိဘဲ စူပါစတားတွေကို အလဲထိုးပြခဲ့တယ်။ တာဇစ်က Tactical Master Class ကို ပြသပြီးရင်းပြသနိုင်ခဲ့ပါတယ်။ အခွင့်အရေးလေး တစ်ကြိမ်နှစ်ကြိမ်ကနေ ပွဲသိမ်းထိုးချက်အဖြစ် အသွင်ပြောင်းနိုင်တာ ဒေါ့မွန်ရဲ့အားသာချက်ပါပဲ။  ဒေါ့မွန်မှာ တစ်ကိုယ်ရေစာကျော်ကြားလိုစိတ်မရှိဘူး။ အသင်းအဖွဲ့စိတ်ဓာတ်နဲ့တစ်ဦးကို တစ်ဦးအပြန်အလှန်ဖေးမရင်း ရန်အစွယ်စွယ်ကို ခုတ်ထွင်ရှင်းလင်းခဲ့တယ်။ ဒေါ့မွန်ကစားသမား အား လုံးရင်ထဲမှာ အဝါရောင်တံတိုင်းကြီးကောင်းစားရေးအတွက်ပဲ ရည်ရွယ်ထားပါတယ်။ တာဇစ်က "ပြီးခဲ့တဲ့ရာသီက နောက်ဆုံးပွဲရောက်မှ ဘွန်ဒစ် လီဂါချန်ပီယံဆု လက်လွှတ်ခဲ့ရတဲ့ နာကျင်စရာအတွက် ပရိသတ်တွေကို ပြန်ပြီး ပေးဆပ်နိုင်ခဲ့ပါပြီ။ သူတို့က တစ်ပွဲပြီးတစ်ပွဲတိုးတက်လာပြီး အားလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ပါတယ်။ ချန်ပီယံ လိဂ် ပထမပွဲကတည်းက ဖိုင်နယ်ရောက်နိုင်တယ် ဆိုပြီး တွေးခဲ့မိတယ်။ အခုတကယ်ဖြစ်လာလို့ ဂုဏ်ယူမဆုံးပါဘူး။ ကျွန်တော်တို့ရဲ့အိပ်မက်မပြီးဆုံးသေးဘူး"လို့ ပြောခဲ့တယ်။

    

ဒေါ့မွန်ကို နှုတ်ဆက်စကားဆိုရတာ မာကိုရွိုက်စ်အတွက် ဘယ်လောက်ခက်ခဲလေမလဲ။ ကိုယ် သုံးနေကျ သွားပွတ်တံလေးလဲရရင်တောင် ခံစားတတ်တဲ့နှလုံးသားတွေ မဟုတ်လား။ ကျွန်တော်တို့ဟာ ခေတ်စနစ်တွေအလိုတော်အရ မာကျောချင်ယောင်ဆောင်ရတယ်။ ကမ္ဘာစစ်ကာလထဲ ရှေ့တန်းရောက် စစ်သည်တော်တွေရဲ့ အိပ်ကပ်ထဲ ကြည့်တဲ့အခါ နူးညံ့မှုကို မြင်ရလိမ့်မယ်၊ တောပန်းလေးတစ်ပွင့်တွေ့ရလိမ့်မယ်။ အဖြူအမည်းဓာတ်ပုံလေးတစ်ပုံ တွေ့ရလိမ့်မယ်။ ဘယ်လိုအချိန်မျိုးမှာမဆို လူတစ်ယောက်အတွက် နူးညံ့တဲ့ချစ်ခြင်း မေတ္တာဟာ အရေးပါနေဆဲပဲ။

    

မာကိုရွိုက်စ်အတွက်ဆိုရင် ပိုပြီးအရေးပါခဲ့တယ်။ ချစ်တဲ့စိတ်နဲ့ပဲ ဒေါ့မွန်မှာ ၁၂ နှစ်ကြာ မမှိတ်မသုန် အမှုတော်ထမ်းခဲ့တာမဟုတ်လား။ လက်ရှိ ရာသီကုန်ရင် ဒေါ့မွန်ကနေ ထွက်ခွာမယ်လို့ အတည်ပြုပြီးနောက် ပထမဆုံးကစားတဲ့ပွဲမှာ မာကိုရွိုက်စ် အစွမ်းပြတယ်။ ဒေါ့မွန်ပရိသတ်တွေ လွမ်းအောင်ပြုစားတယ်။ သူကိုယ်တိုင်လည်း မျက်ရည်မဆယ်နိုင်ဘူး။ လမ်းခွဲရမယ်ဆိုတာသိထားလည်း တကယ်တမ်းလမ်းခွဲရတဲ့အခါ ဘယ်သူမဆို ကြေကွဲရတာပဲ။ မာကိုရွိုက်စ်လည်း တစိမ့်စိမ့်တွေးရင်း တစိမ့်စိမ့် လွမ်းနေရဦးမှာပဲ။ ဒေါ့မွန်ပရိသတ်တွေ သာမကဘဲ ကြားနေပရိသတ်တွေလည်း မာကိုရွိုက်စ်ကို လွမ်းမောနေမှာပါ။ ချန်ပီယံလိဂ်ဖလားနဲ့ ဒေါ့မွန်ကို မာကိုရွိုက်စ် နှုတ်ဆက်နိုင်ခဲ့ရင် သိပ်ပြီးပျော်စရာကောင်းမှာပဲဆိုပြီး တွေးနေကြတယ်။ မာကိုရွိုက်စ်အတွက် ဆုဖလားတွေ တကယ်လိုအပ်ရဲ့လား။ သူဟာဒေါ့မွန်ကို ချစ်ခဲ့၊သစ္စာမြဲခဲ့၊ အဝါရောင် တံတိုင်းမှာ ပျော်ရွှင်စွာဝတ်မှုန်ကူးခဲ့၊ အဲဒီအရာတွေက ခမ်းနားအောင်ပွဲတွေထက် ပိုပြီးမြင့်မြတ်တယ်ထင်တာပဲ။ ချစ်ခြင်းမေတ္တာနဲ့နှိုင်းယှဉ်ရင် အဲဒီချန်ပီယံလိဂ်ဖလားက ဘာများအရေးကြီးလို့လဲ။

Most Read

Most Recent