လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုရသေးသော မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဟူသည့် ပြဋ္ဌာန်းချက်အပါအဝင် အဆိုနှင့်ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်များကို ကိုယ်စားလှယ်များ လေးစားလိုက်နာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုရသေးသော မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဟူသည့် ပြဋ္ဌာန်းချက်အပါအဝင် အဆိုနှင့်ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်များကို ကိုယ်စားလှယ်များ လေးစားလိုက်နာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 29 October 2017

လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုရသေးသည့် မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဟူသည့် ပြဋ္ဌာန်းချက်အပါအဝင် အဆိုနှင့်ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်များကို ကိုယ်စားလှယ်များ လေးစားလိုက်နာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။

မြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း၏ အဆိုတင်သွင်းမှုအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဆိုရှင်ဆွေးနွေးတဲ့ထဲမှာ ပါပါတယ်။ သရက်မဲဆန္ဒနယ်က ဦးကံမြင့်က မေးခွန်းမေးမြန်းခဲ့တုန်းက ပါသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ မေးခွန်းမေးမြန်းပြီးတဲ့ကိစ္စကို မေးခွန်းဖြစ်နေတယ်။ အဆိုဟာ ဆွေးနွေးပြီးတဲ့ အဆိုတစ်ခုမဟုတ်လို့ လွှတ်တော်က ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပြီးတဲ့ အဆိုတစ်ရပ် သဘောထားချင်းတူမယ်။ သဘောသဘာဝချင်း တူမယ်ဆိုရင်တော့ ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါကို ကိုယ်စားလှယ်များ အားလုံးလည်း သိစေချင်ပါတယ်။ ထို့နည်းတူပဲ အဆိုနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေရှိပါတယ်။ ဥပမာပြောမယ်ဆိုရင် နည်းဥပဒေ ၉၉ (ခ) မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချင်းချင်း ရိုင်းပင်းကူညီရေး၊ ချစ်ကြည်လေးစားရေးကို ထိခိုက်ပျက်စီးစေမယ့်ကိစ္စမျိုး၊ နောက်တစ်ခုက နည်းဥပဒေ ၁၅၇ (ဃ) မှာဆိုရင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ကိစ္စမျိုး။ နောက် ကျွန်တော်တို့နည်းဥပဒေ ၁၅၇ (င) မှာဆိုရင် နိုင်ငံရေးကိစ္စကို ဘာသာသာသနာကိစ္စနှင့် ရောယှက်တင်သွင်းသည့်အဆို မဖြစ်စေရဆိုတဲ့ကိစ္စမျိုး၊ နောက်တစ်ခုက နည်းဥပဒေ ၃၉ (ဃ) မှာဆိုရင် နိုင်ငံရေးပါတီတစ်ခုခုကို ထိပါးပုတ်ခတ်ပြောဆိုခြင်း မပြုရဆိုတဲ့ကိစ္စမျိုး။ ဒါမျိုးတွေကျရင် ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်က လွှတ်တော်ကို စည်းကမ်းသေဝပ်စွာ ကြီးကြပ်ရတဲ့တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ဆိုရင် ကျွန်တော်တို့ အဆိုနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေကိုလည်း စိစစ်ရတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဒီနေရာမှာတော့ ပြောမယ်ဆိုရင် နည်းဥပဒေ ၁၅၇ (စ) မှာဆိုရင် ဥက္ကဋ္ဌကခွင့်မပြုရသေးတဲ့ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရ ဆိုတဲ့ဟာကိုလည်း ကိုယ်စားလှယ်များအနေနဲ့ လိုက်နာရမယ့်တာဝန်တွေရှိပါတယ်။ ထို့အတူပဲ ၁၆၃ (င) မှာဆိုရင် လွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်းကို ခွင့်မပြုနိုင်သော ကိစ္စတစ်ရပ် မဖြစ်ရဘူးဆိုတာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကိုယ်စားလှယ်တွေ အနေနဲ့လည်း အဆိုကိုတင်သွင်းဆွေးနွေးတဲ့အခါမှာ အဆိုနဲ့ပတ်သက်တဲ့ ကန့်သတ်ချက် စည်းကမ်းချက် ဆွေးနွေးရမယ့်ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ ဒီနေရာကနေ တစ်ပါတည်း အသိပေးလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent