၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ဘီလျံ ၁၂၀၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ဘီလျံ ၁၂၀၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Published 25 October 2017

အောက်တိုဘာ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ဘီလျံ ၁၂၀၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည်။

အောက်တိုဘာ ၂၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြည်ထောင်စုအဆင့်က ပြန်လည်ရှင်းလင်းပြီးနောက် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရ ရသုံးမှန်းခြေငွေစာရင်း၏ လိုငွေကို ပြည်တွင်း ပြည်ပမှ ချေးယူငွေများဖြင့် ဖြည့်ဆည်းရခြင်းသည် နိုင်ငံတကာ ကျင့်ထုံးတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အစဉ်အဆက်ကပင် အရအသုံးခန့်မှန်းခြေစာရင်းတွင် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေရရှိမှုများကို ထည့်သွင်းတွက်ချက်ပြီးနောက် ထပ်မံဖြစ်ပေါ်လာသည့် ဘတ်ဂျက်လိုငွေကို ပြည်တွင်းချေးငွေဖြင့် ဖြည့်ဆည်းခဲ့ကြောင်း၊ ထိုသို့ဖြည့်ဆည်းရန်အတွက် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို ၁၉၉၃-၁၉၉၄ မှစတင်ခဲ့ပြီး ယနေ့အထိဖြစ်ကြောင်း လွှတ်တော်သို့ ပြောကြားသည်။

ဦးမောင်မောင်ဝင်းက “တချို့သူများ၏ ထင်မြင်ယူဆချက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ကျပ် ၁၂၀၀ ဘီလျံထုတ်ချေးပါက ကျပ်ဘီလျံ ၁၂၀၀ ငွေစက္ကူရိုက်နှိပ်ရမည်ဟု ထင်မြင်နေကြပါတယ်။ လက်တွေ့မှာ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းမှာ လိုငွေဖြစ်ပေါ်တဲ့လတွေမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းမှ Government Deposit Account သို့ဖြည့်တင်းပေးပြီး ထိုသို့ဖြည့်တင်းပေးရတဲ့ပမာဏကို ပြည်ထောင်စုအစိုးရက ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ငွေချေးသည်ဟု သတ်မှတ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေစက္ကူရိုက်နှိပ်တဲ့အစီအမံက အစိုးရရဲ့လိုငွေကို ဖြည့်ဆည်းပေးဖို့အတွက်သာ စဉ်းစားဆောင်ရွက်ခြင်းမဟုတ်ဘဲ အခြားကိစ္စများကိုပါ ထည့်သွင်းစဉ်းစား၍ ငွေသားစီမံချက် ရေးဆွဲဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်” ဟုပြောကြားသည်။

ထို့ပြင် အစိုးရ၏ဘဏ္ဍာရေးမူဝါဒကို ခိုင်မာမှန်ကန်သည့် မူဝါဒဖြစ်စေရန် နှစ်စဉ်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ Treasury Bill များ၏ အတိုးနှုန်းကိုလည်း ဈေးကွက်အတိုးနှုန်းအတိုင်း ငွေဖောင်းပွမှုနှုန်းထက် ပိုမိုသောနှုန်းဖြင့် ပေးလျက်ရှိကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အစိုးရအနေဖြင့် ပြည်တွင်းပြည်ပမှ ချေးငွေရယူရန် ကျပ် ၅၂၀၀ ဘီလျံလျာထားပြီး ပြည်ပချေးငွေအဖြစ် ကျပ်ဘီလျံ ၁၇၅၄ လျာထားကာ ပြည်တွင်းမှ ၃၄၄၆ ဘီလျံချေးယူရန် လျာထားကြောင်း၊ ပြည်တွင်းချေးငွေများအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ကျပ်ဘီလျံ ၁၂၀၀ ချေးယူမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူတိုင်း ငွေသားများဖြင့် ချေးယူခြင်းမဟုတ်ကြောင်း၊ Economic Policy, Fiscal Policy, Monetary Policy, Trade Policy များကို ဆက်စပ်ကျင့်သုံးလျက် စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ပြည်ထောင်စုအစိုးရက ကြိုးစားဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် နှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်းခန့်ရှိသည့် နိုင်ငံဖြစ်သဖြင့် နှစ်စဉ်ငွေကြေးပမာဏနှင့် လှည့်လည်သုံးစွဲငွေပမာဏတို့မှာ အချိုးကျတိုးတက်လာမည်ဖြစ်ကြောင်း၊ ငွေဖောင်းပွမှုနှုန်းသည်လည်း အထိုက်အလျောက်ရှိနိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက “ပြည်ထောင်စုအစိုးရအနေနဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ချေးငွေကျပ် ၅၂၀၀ ဘီလျံထက်မပိုစေရလို့ ပြဋ္ဌာန်းထားပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ပြည်တွင်းမှ ချေးယူရန်လျာထားသည့် ပမာဏကျပ် ၃၄၄၆ ဘီလျံအနက် ကျပ် ၁၂၀၀ ဘီလျံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူရန် လျာထားပါတယ်။ ၂၀၁၇ ခုနှစ် နောက်ထပ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း တင်သွင်းသည့်အခါမှာ ထိုသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူရန်လျာထားသည့်ငွေသည် အပြောင်းအလဲရှိနိုင်ပါကြောင်းကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ညှိနှိုင်းအကြောင်းကြားထားပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအခန်း ၁၄ အပိုဒ် ၉၁ တွင် ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ ချေးငွေထုတ်ချေးနိုင်သည်။ ထိုသို့ထုတ်ချေးရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိပါတယ်။ ချေးငွေအတွက် စည်းကမ်းချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ အခါအားလျော်စွာ ညှိနှိုင်းသတ်မှတ်ရမည်။ ချေးငွေများကို အတိုးပေးသော လွှဲပြောင်းနိုင်ခွင့်ရှိသည့် သက်တမ်းအများဆုံး ၉၂ ရက်သာရှိသော အစိုးရသက်သေခံ ငွေချေးလက်မှတ်များဖြင့် ဝန်ကြီးဌာနက အာမခံရမည်လို့ ဖော်ပြထားပါတယ်။ အဲဒီလိုချေးယူရာမှာ အစိုးရငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ဖြန့်ဝေရောင်းချခြင်းနှင့် အစိုးရငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ထုတ်ဝေရောင်းချခြင်းဖြင့် ပြည်ထောင်စုအစိုးရရဲ့ အပ်ငွေစာရင်းလိုအပ်ချက်လိုငွေကို ဖြည့်ဆည်းပြီးနောက် လိုငွေပေါ်ပေါက်မှသာ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေဖြင့် နောက်ဆုံးဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုအစိုးရရဲ့ အပ်ငွေစာရင်းလိုငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေဖြင့် ဖြည့်ဆည်းခြင်းအား လျှော့ချနိုင်ရန်ရည်ရွယ်ပြီး ပြည်သူသို့ အစိုးရငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ဈေးကွက်ဈေးနှုန်းအရ ပိုမိုထုတ်ဝေရောင်းချရန် ရည်မှန်းထားပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၁၇ ရက်က တင်ပြခဲ့သည်။