၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆ ဒသမ ၈၇၅ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်များ လွှတ်တော်သို့ ရှင်းလင်းတင်ပြ

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆ ဒသမ ၈၇၅ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်များ လွှတ်တော်သို့ ရှင်းလင်းတင်ပြ
Published 25 October 2017

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆ ဒသမ ၈၇၅ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၂၄ ရက်က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ခွဲရုံစီမံကိန်းများ တည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျငွေ ၃၀ ဒသမ ၃၅၅ ဘီလျံကုန်ကျမည်ဖြစ်ရာ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်မည့် လုပ်ငန်းပမာဏအတွက် တွက်ချက်သည့်အခါ ကျပ်လေးဘီလျံခန့်ကို ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအတွက် အရေးပေါ်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံခြင်းဖြစ်ကြောင်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများရှိ ကျေးရွာများတွင် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တပ်ဆင်ခြင်းနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံ သယ်ယူတပ်ဆင်ခြင်းလုပ်ငန်းတို့အတွက် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၅၇၅၅ ဒသမ ၂၉ သန်းတောင်းခံရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းပြောကြားသည်။

အဆိုပါလုပ်ငန်များ ဆောင်ရွက်ရန် တင်ဒါခေါ်ယူချိန်၊ ပစ္စည်းများမှာယူစုဆောင်းချိန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန် စုစုပေါင်း အများဆုံးကိုးလခန့် ကြာမြင့်မည်ဖြစ်ပြီး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်မတ်လတွင် အပြီးဆောင်ရွက်ရန် လိုအပ်နေသည့်အတွက် အရေးပေါ်ရန်ပုံငွေကို တင်ပြတောင်းခံရခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာမည့် နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့နိုင်ရေးအတွက် အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၂၀၂၆ ဒသမ ၉၃၅ သန်းကို သုံးစွဲမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြသည်။

ထို့ပြင် မိုရာမုန်တိုင်းဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၉၂၇ သန်းနှင့် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအရေးပါသောလမ်းများဖြစ်သည့် မေယုတောင်တန်း၏ အရှေ့ဘက်နှင့် အနောက်ဘက်ကိုဆက်သွယ်မည့် မေယုတောင်ကျော် လမ်းနှစ်လမ်း အသစ်ဖောက်လုပ်ရန်နှင့် ကျေးလက်လမ်းတစ်လမ်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၁၃၄၂၇ ဒသမ ၆၅ သန်းကို ခွဲဝေသုံးစွဲမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းတင်ပြသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆ ဒသမ ၈၇၅ သန်းကို သက်ဆိုင်ရာဝန်ကြီးဌာနများက ခွဲဝေသုံးစွဲထားမှုကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။