ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့ တိုးတက်ကျယ်ပြန့်လာသော်လည်း အခြေခံအဆောက်အအုံများမှာ လိုအပ်သလောက် တိုးတက်လာခြင်းမရှိကြောင်း၊ ယင်းကြောင့် လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ စီမံခန့်ခွဲမှုနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဖိအားများ ကျရောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့ တိုးတက်ကျယ်ပြန့်လာသော်လည်း အခြေခံအဆောက်အအုံများမှာ လိုအပ်သလောက် တိုးတက်လာခြင်းမရှိကြောင်း၊ ယင်းကြောင့် လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ စီမံခန့်ခွဲမှုနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဖိအားများ ကျရောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Published 10 October 2017

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့သည် တိုးတက်ကျယ်ပြန့်လာသော်လည်း အခြေခံအဆောက်အအုံများမှာ လိုအပ်သလောက် တိုးတက်လာခြင်းမရှိကြောင်း၊ ယင်းကြောင့် လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ စီမံခန့်ခွဲမှုနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဖိအားများကျရောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း OXFORD BUSINESS Group (OBG) မှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် OXFORD BUSINESS Group (OBG) မှ ကိုယ်စားလှယ်အဖွဲ့တို့ မကြာသေးမီက တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့တော်၏ လူဦးရေတိုးတက်လာမှုကြောင့် ပိုမိုဆိုးရွားလာနေသော ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံကဏ္ဍ လိုအပ်ချက်မြင့်မားမှုများအား အဓိက အချက်တစ်ချက်အဖြစ် တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ရန်ကုန်မြို့ဟာ တိုးတက်ကျယ်ပြန့်လာပေမယ့် အခြေခံအဆောက်အအုံတွေကတော့ လိုအပ်သလောက် တိုးတက်လာခြင်းမရှိခဲ့ပါဘူး။ ဒီအတွက်ကြောင့် အခုအချိန်မှာ ရန်ကုန်မြို့ရဲ့ စီမံခန့်ခွဲမှုနဲ့ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် ဖိအားတွေကျရောက်နေတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝန်ခံပြောကြားခဲ့ကြောင်း (OBG) မှ သတင်းထုတ်ပြန်ထားသည်။

ယာဉ်လမ်းကြောပိတ်ဆို့မှုသည် ရန်ကုန်မြို့အနှံ့အပြားတွင် အဓိကပြဿနာတစ်ရပ်ဖြစ်နေပြီး ကောင်းမွန်ခြင်းမရှိသော လမ်းများနှင့် ပြီးပြည့်စုံသော အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်မရှိခြင်းတို့ကလည်း အခြေအနေများအား ပိုမိုဆိုးရွားစေလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် ယာဉ်လမ်းကြောစီမံခန့်ခွဲမှု ဗဟိုချုပ်ကိုင်မှုစနစ်အား စတင်လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား စတင်ဖြေရှင်းနိုင်ရန်အတွက် စွမ်းဆောင်နိုင်စွမ်းများ တိုးတက်လာစေရန်အတွက် ဖြေရှင်းချက်များရှာဖွေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့သော အခြေအနေတွင် အလုံးစုံပါဝင်သော အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်ကွန်ရက်အား ဆောင်ရွက်ခြင်းသည် ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် ဈေးနှုန်းသက်သာပြီး ပြီးပြည့်စုံသော ဝန်ဆောင်မှုအား ပေးအပ်နိုင်စေရန်အတွက် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နိုင်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်ရာမှာ နောက်ထပ်ခြေလှမ်းသစ်တွေကတော့ မြို့ပတ်ရထားစနစ်ကို အဆင့်မြှင့်တင်ခြင်းနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ်တို့ကို ဖော်ဆောင်ခြင်းတို့ ဖြစ်ပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက (OBG) သို့ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အသေးစိတ် အမေးအဖြေကဏ္ဍပါဝင်မည့် နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်း OBG ၏ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်သော ငါးကြိမ်မြောက် အစီရင်ခံဖြစ်သည့် The Report: Myanmar 2018 အတွက် (OBG) မှ ကိုယ်စားလှယ်များသည် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent