ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး၊ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သွားရောက်တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး၊ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သွားရောက်တွေ့ဆုံ
■Photo: တရုတ်သံရုံး We Chat
■Photo: တရုတ်သံရုံး We Chat
Published 5 April 2024

နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၊ ဒုဥက္ကဌဟောင်းဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့ကို နေပြည် တော်တွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ We Chat စာမျက်နှာတွင် ဧပြီ ၅ ရက်တွင် ဖော်ပြထားချက် အရသိရသည်။

ထိုသို့တွေ့ဆုံမှုသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမတိုင်မီ တွေ့ဆုံခြင်းဖြစ်သည်ဟု သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင် အစရှိသူတို့နှင့်လည်း တွေ့ဆုံခဲ့သည်ဟုဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ညှိုနှိုင်းဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးပဏာမခြေလှမ်း၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစပြုမှုနှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုစဉ်းစားမှုတို့ကို အကောင်အထည်ဖော်ကာ မျှဝေထားသော အနာဂတ်နှင့် တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေး ကို မြှင့်တင်သွားမည်ဟု တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်အကူအညီများ ပံ့ပိုးပေးမည်ဟု မျှော်လင့်ပြီး မြန်မာနိုင်ငံအား ဆက်လက် ပံ့ပိုးကူညီရန်ဆန္ဒရှိကြောင်း ၎င်းတို့က မျှော်လင့်ထားသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေနှင့် တရုတ်ကွန်မြူနစ်ပါတီ(CPC) နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ မစ္စတာဆုန်ထောင်တို့သည့် ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် တစ်ကြိမ်တွေ့ဆုံခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တက်လာပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ(CPC) နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာပင်ရှိုဘင်သည် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေကို နေပြည်တော်တွင် တစ်ကြိမ်လာရောက်တွေ့ဆုံခဲ့ သည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ဂန်းသည်  ၂၀၂၃ ခုနှစ် မေ ၂ ရက်တွင် နေပြည်တော်သို့လာရောက်သည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

 

Most Read

Most Recent