ချက်သမ္မတနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် ဖိတ်ကြားထားပြီး လက်ရှိ အခြေအနေအရ ခရီးစဉ် သွားရောက်ရန် မသေချာသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား

ချက်သမ္မတနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် ဖိတ်ကြားထားပြီး လက်ရှိ အခြေအနေအရ ခရီးစဉ် သွားရောက်ရန် မသေချာသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
Published 22 September 2017

ချက်သမ္မတနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် ဖိတ်ကြားထားပြီး လက်ရှိ အခြေအနေအရ ခရီးစဉ်သွားရောက်ရန် မသေချာသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသို့ အောက်တိုဘာလအတွင်း လာရောက်ဖွယ်ရှိကြောင်း www.praguemonitor.com ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားမှုအပေါ် အတည်ပြု မေးမြန်းရာတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

“စောစောပိုင်းက ဖိတ်ထားတယ်။ ဖိတ်တာက ဇူလိုင်လောက်မှာ ဖိတ်တယ်။ အဲဒီတုန်းက ဇူလိုင်လောက် ဆိုတော့ ကျွန်တော်တို့က သွားမယ်ဆိုပြီး ပြင်ဆင်ထားတဲ့ အနေအထားပေါ့။ လောလောဆယ်က တိတိကျကျ အဖြေမပေးနိုင်သေးဘူး။ ဇူလိုင်လောက်က ဟုတ်တယ်။ သွားဖို့ စီစဉ်ခဲ့တယ်ပေါ့လေ။ သို့သော် အဲဒီဘက်ကိုလည်း မသေချာ မရေရာသေးဘူး ဆိုတဲ့အနေအထားကို ချက်နိုင်ငံကို ကျွန်တော်တို့ ပြောထားပါတယ်။ လက်ရှိ အခြေအနေတွေကို ထည့်သွင်း စဉ်းစားတာပေါ့နော်။ သမ္မတကြီးဆိုလည်း အခုမှ ကျန်းမာရေးက မနေ့ကမှ ပြန်ရောက်တယ် စသည်ဖြင့် အကုန်လုံး ပါတာပေါ့။ ဒုတိယသမ္မတ တစ်ယောက်ဆိုလည်း ဟိုမှာသွားပြီးတော့ နယူးယောက်မှာ အစည်းအဝေး တက်နေတယ်ဆိုတဲ့ အနေအထားလေးတွေ ပါပါတယ်။ အဲဒီလို အနေအထားလေးပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ သတင်းဖော်ပြမှုအရ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek ၏ ဖိတ်ကြားမှုအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလည်အပတ် လာရောက်မည်ဖြစ်ပြီး ချက်သမ္မတ Milos Zeman ၊ ဝန်ကြီးချုပ် Bohuslav Sobotka တို့နှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

ထို့ပြင် ချက်နိုင်ငံ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Milan Stech နှင့်တွေ့ဆုံရန် အောက်တိုဘာ ၁၁ ရက်ကို ပြင်ဆင်ထားကြောင်း ဆီးနိတ်လွှတ်တော်ရုံးက ပြောကြားကြောင်း ယင်းသတင်းတွင် ပါရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၂ ရက် က စတင်ကျင်းပလျက် ရှိသည့် (၇၂) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ် အစည်းအဝေးများတွင် အထွေထွေ မူဝါဒဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်းရေးရာ ကိစ္စများကြောင့် ညီလာခံ တက်ရောက်ရန် အစီအစဉ်အား ဖျက်သိမ်းပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုသာ တက်ရောက်စေခဲ့သည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကုလသမဂ္ဂ အထွေထွေညီလာခံ မတက်ရောက်သည့် အကြောင်းရင်း လေးချက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် မီဒီယာများအား ပြောကြားထားသည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင်မှုများ ရှိသော်လည်း ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အကြမ်ဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများအတွက် ပြန်လည် နေရာချထားခြင်း ကဲ့သို့သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်ရှိခြင်း၊ မောင်တောဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်တွင်း၌ အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ရှိပြီး ယင်းဆန္ဒပြမှုများနှင့် ဆက်စပ်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးမှုများ ရှိကြောင်း၊ ထို့အတွက် ပြည်တွင်း တည်ငြိမ်မှုကို အထူးအလေးထား လုပ်ဆောင်နေရသည့် အနေအထားရှိကြောင်း၊ မြန်မာနိုင်ငံ မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်ဆိုသည့် သတင်းအချက်အလက်များ ရှိသည့်အတွက် ပြည်တွင်း လုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်နေရသည့် အနေအထားရှိကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု သွားရောက်ခံယူနေသော နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ ကျန်းမာရေးအခြေအနေကြောင့်သော် လည်းကောင်း စသည့်အချက်များကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ဦးဇော်ဌေးက ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်တွင် လိုအပ်သည့် ကျန်းမာရေး ဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယင်းသို့ ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး ဆေးကုသမှုခံယူပြီးနောက် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent