လာမည့်နှစ် ၂၀ အတွင်း လေယာဉ်အစင်း ၄၃၀၀၀ ကျော် ထုတ်လုပ်ရန် လိုအပ်နေ

လာမည့်နှစ် ၂၀ အတွင်း လေယာဉ်အစင်း ၄၃၀၀၀ ကျော် ထုတ်လုပ်ရန် လိုအပ်နေ
Published 17 July 2018

ဇူလိုင် ၁၆ ရက်တွင် Farnborough လေကြောင်းပြပွဲ၌ ဘိုရင်းလေကြောင်းလိုင်း စီအီးအို ကီဗင်မက်အလစ္စတာ (ဝဲ) ကို တွေ့ရစဉ် (Photo: APF)

များပြားလာသည့် လေယာဉ်မှာယူမှုများကို ဖြည့်ဆည်းရန် လာမည့် နှစ် ၂၀ အတွင်း လေယာဉ်အစင်း ၄၃၀၀၀ ကျော် ထုတ်လုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဒင်းနစ်မူလင်ဘက် က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၁၆ ရက်တွင် စတင်ကျင်းပမည့် Farn borough Air Show လေယာဉ် အရောင်းပြပွဲမတိုင်မီ မူလင်ဘက်က လေယာဉ်တိုးမြှင့် ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ သဘောထားအမြင်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်ဈေးကွက် သိသိသာသာ တိုးတက်လာတာကို တွေ့ရဦးမှာပါ။ စီးပွားရေး၊ ကာကွယ်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် လာမယ့် ၁၀ နှစ်အတွင်းမှာ ဈေးကွက်က ဒေါ်လာ ၈ ဒသမ ၁ ထရီလျံ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။ စီးပွားဖြစ်လေယာဉ် အစင်း ၄၃၀၀၀ လောက် ထုတ်လုပ်ဖို့ လိုအပ်နေပါတယ်” ဟု မူလင်ဘက်က ဆိုသည်။ လန်ဒန် အနောက်တောင်ဘက်တွင် ကျင်းပမည့် Farnborough လေယာဉ် အရောင်းပြပွဲ၏ ဒုတိယနေ့ ဇူလိုင် ၁၆ ရက်တွင် ဘိုးရင်းက ၎င်း၏ လေယာဉ်ဈေးကွက် နောက်ဆုံး ခန့်မှန်းချက်ကို အသေးစိတ် ထုတ်ပြန်သွားမည် ဖြစ်သည်။ လာမည့် နှစ် ၂၀ ကျော်အတွင်း ခရီးသည်များ လေယာဉ်စီးနင်းမှုသည် နှစ်ဆကျော် များပြားလာမည် ဖြစ်ပြီး လေယာဉ်အစင်းရေ ၄၈၀၀၀ ထိ လိုအပ်မည် ဖြစ်ကြောင်း ဘိုးရင်းနှင့် စီးပွားပြိုင်ကုမ္ပဏီ အဲဘတ်စ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ခန့်မှန်းခဲ့သည်။ Ref: AFP

 

Most Read

Most Recent