အဇာဘိုင်ဂျန်၌ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ခံနေရချိန်တွင် ဂျာနယ်လစ်များ ထပ်မံဖမ်းဆီးခံရ

အဇာဘိုင်ဂျန်၌ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ခံနေရချိန်တွင် ဂျာနယ်လစ်များ ထပ်မံဖမ်းဆီးခံရ
၂၀၁၆ ခုနှစ် မေ ၂၅ ရက်က ဘာကူမြို့တော်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများနှင့် တွေ့ဆုံနေသည့် အစ္စမာယီလိုဗာ(လယ်)ကို တွေ့ရစဉ် (Photo: AP)
၂၀၁၆ ခုနှစ် မေ ၂၅ ရက်က ဘာကူမြို့တော်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မီဒီယာများနှင့် တွေ့ဆုံနေသည့် အစ္စမာယီလိုဗာ(လယ်)ကို တွေ့ရစဉ် (Photo: AP)
Published 8 March 2024

အဇာဘိုင်ဂျန်နိုင်ငံတွင် သမ္မတအီလ်ဟမ် အလီယက်ဗ် အစိုးရအဖွဲ့ကို ဝေဖန်သည့် မီဒီယာတစ်ခုမှ ဝန်ထမ်းခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုမီဒီယာ၏ အယ်ဒီတာချုပ်က မတ် ၇ ရက်တွင်ပြောကြားခဲ့ပြီး ယင်းသည် လွတ်လပ်သည့် မီဒီယာအပေါ်နောက်ဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ခဲ့သည်။

ပြီးခဲ့သည့် လအနည်းငယ်က အဇာဘိုင်ဂျန်အာဏာပိုင်များသည် မီဒီယာများအပေါ်  ထိန်းချုပ်ကန့်သတ်မှုများကို တိုးမြှင့်ခဲ့ပြီး အစိုးရထပ်သီးအရာရှိများအကြား အဂတိလိုက် စားမှုများကို ဖော်ထုတ်ရေးသားခဲ့သည့် ဂျာနယ်လစ်များကို ဖမ်းဆီးခဲ့သည်။

၂၀၀၃ ခုနှစ်ကတည်းက အဇာဘိုင်ဂျန်ကို အုပ်ချက်ခဲ့သည့် အလီယက်ဗ်၏ အစိုးရအဖွဲ့သည် အတိုက်အခံမီဒီယာများနှင့် လွတ်လပ်သည့် သတင်းပညာကို ဖိနှိပ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့သည်။

မတ် ၆ ရက်က ရဲတပ်ဖွဲ့သည် Toplum TV ၏ ရုံးခန်းများကို ဝင်ရောက်ရှာဖွေခဲ့ပြီး Toplum TV ဝန်ထမ်းခြောက်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း အယ်ဒီတာချုပ်ဖြစ်သူ ခါဒီဂျာ အစ္စမာယီလိုဗာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အကစ်ဖ် ဂျူအာဘာနော့ဗ်ကိုလည်း နိုင်ငံခြားငွေကြေးများ တရားမဝင် ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ဘာတွေဖြစ်နေလဲဆိုတာကို ခိုင်လုံတဲ့ ရှင်းလင်းချက် မပေးခဲ့ပါဘူး။ နိုင်ငံဟာ လွတ်လပ်တဲ့မီဒီယာတွေကို အပြီးသတ်ရှင်းလင်းချင်တဲ့ပုံပေါ်ပါတယ်။ အဲဒါဆိုရင် ဝေဖန်ရေးအတွေ့အမြင်တွေအတွက် နေရာမရှိတော့ ပါဘူး”ဟု အစ္စမာယီလိုဗာက ပြောကြားခဲ့သည်။

ဘာကူမြို့တော် တရားရုံးက ၎င်းတို့အား တရားရင်မဆိုင်မီ ထိန်းသိမ်းထားသည့် ၄၈ နာရီအတွင်း စွဲချက်များနှင့်ပတ်သက်ပြီး စီရင်ချက်ချမည်ဖြစ်သည်။

အဇာဘိုင်ဂျန် ပြည်ထဲရေးဝန်ကြီးဌာနကလည်း Toplum TV ၏ ရုံးခန်းများကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက အဇာဘိုင်ဂျန်တွင် အခြားဂျာနယ်လစ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ထိုဂျာနယ်လစ်များအပေါ် တင်ထားသည့် စွဲချက်များသည် ယုတ္တိမရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီဇင်ဘာလတွင် ပြောကြားခဲ့ပြီး ယခုနောက်ဆုံးအကြိမ် ဖမ်းဆီးမှုသည် မီဒီယာများအပေါ်ဖိနှိပ်မှုမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလက ထူးချွန်ဆုရရှိထားသည့် စုံစမ်းဖော်ထုတ်ရေး ဂျာနယ်လစ် အစ္စမာယီလိုဗာသည် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲချ မှတ်ခံခဲ့ရသဖြင့် အဇာဘိုင်ဂျန်ကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့သည်။

ထို့နောက် အစ္စမာယီလိုဗာသည် ၂၀၁၆ ခုနှစ် မေလတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

၂၀၁၂ ခုနှစ်က အစ္စမာယီလိုဗာ၏ တိုက်ခန်းထဲတွင် လျှို့ဝှက်တပ်ဆင်ခဲ့သည့် ကင်မရာမှလိင်ပိုင်းဆိုင်ရာ ဗီဒီယိုပေါ်ထွက်လာသည့်အချိန်တွင် အစ္စမာယီလိုဗာက အစိုးရသည် သူ့ကို သားပုပ်လေလွင့်စွပ်စွဲမှုများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။

၂၀၀၉ ခုနှစ်က သံတမန်ရေးရာ လျှို့ဝှက်ချက်များပေါက်ကြားမှုကို ဖော်ပြခဲ့သည့် WikiLeaks ဝက်ဘ်ဆိုက်တွင် အလီယက်ဗ်က အစ္စမာယီလိုဗာကို အစိုးရ၏ရန်သူအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့သည်။

ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်း အဇာဘိုင်ဂျန်သည် ၂၀၀၃ ခုနှစ်တွင် အလီယက်ဗ် အာဏာရလာခဲ့ချိန်ကတည်းက မီဒီယာများနှင့် လွတ်လပ်သည့် ဂျာနယ်လစ်များကို ဖိနှိပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲချက်များကို ကာလကြာရှည် ရင်ဆိုင်ခဲ့ရသည်။

Most Read

Most Recent