ရန်ကုန်တိုင်းဒေသကြီး အစိုးရက YBS ယာဉ်များဝယ်ယူရန်နှင့် ကျောင်းကားများဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ နှင့် ဧရာဝတီဘဏ်မှ ရှစ်ဘီလျံအား လူပုဂ္ဂိုလ်အရ ချေးငွေရယူထားမှုကို လွှတ်တော်အနေဖြင့် ပြန်ဆပ်ရန် သဘောမတူကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်တိုင်းဒေသကြီး အစိုးရက YBS ယာဉ်များဝယ်ယူရန်နှင့် ကျောင်းကားများဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ နှင့် ဧရာဝတီဘဏ်မှ ရှစ်ဘီလျံအား လူပုဂ္ဂိုလ်အရ ချေးငွေရယူထားမှုကို လွှတ်တော်အနေဖြင့် ပြန်ဆပ်ရန် သဘောမတူကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 3 October 2018

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း တစ်ကျောင်းတွင် ပြေးဆွဲနေသည့် ကျောင်းကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရက လွှတ်တော်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ခရီးသည်တင်ယာဉ်များ ဝယ်ယူရန်နှင့် ကျောင်းကားများ ဝယ်ယူရန်အတွက် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ နှင့် ဧရာဝတီဘဏ်တို့မှ ကျပ်ရှစ်ဘီလျံအား လူပုဂ္ဂိုလ်အရ ချေးငွေရယူထားမှုအား လွှတ်တော်အနေဖြင့် သဘောမတူကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

အဆိုပါကိစ္စအား အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မော်တော်ယာဉ်အစီး ၁၀၀၀ ဝယ်ယူခြင်းအတွက် တိုင်းဒေသကြီး အစိုးရရဲ့ ထည့်ဝင်ငွေ ကျပ် ၇၀ ဘီလျံနဲ့ လုံလောက်မှု မရှိတဲ့အတွက် ဧရာဝတီဘဏ်ကနေ ရှစ်ဘီလျံ ချေးငှားပြီး ထပ်မံဝယ်ယူတယ်ဆိုပြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ပြီးတော့ ကျောင်းကားအစီး ၂၀၀ ဝယ်ယူဖို့အတွက်လည်း ကမ္ဘောဇဘဏ်ကနေ ချေးငွေကျပ်သန်း ၅၅၀၀ ရယူထားပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအနေဖြင့် ခွင့်ပြုငွေ မလုံလောက်၍ ထပ်မံလိုအပ်သဖြင့် အခြားမှ ချေးငွေယူရမည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၃၀) အရ လွှတ်တော်သို့ တင်ပြအတည်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ သို့သော် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ချေးငွေရယူထားခြင်းကို လွှတ်တော်၏ ခွင့်ပြုချက် မရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ဧရာဝတီဘဏ်က ချေးထားတဲ့ ရှစ်ဘီလျံကို ပြန်လည်ပေးဆပ်ဖို့နဲ့ ကမ္ဘောဇဘဏ်က ချေးငွေကျပ်သန်း ၅၅၀၀ တို့ကို ပြန်လည် ပေးဆပ်ဖို့အတွက် အများပြည်သူ့ဘဏ္ဍာငွေများနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုထားတဲ့ ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ တာဝန်မရှိပါဘူး။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး မိမိသဘောနဲ့ လူပုဂ္ဂိုလ်အရ ချေးထားတဲ့ငွေများ ဖြစ်ပါတယ်။ ပြန်လည်ပေးဆပ်ဖို့ရန် လွှတ်တော်က သဘောမတူဘူး ဆိုတာကို ဥက္ကဋ္ဌကြီးကတစ်ဆင့် တင်ပြလိုပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ကျောင်းကြိုပို့ကားများ ဝယ်ယူရာတွင်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်မားပြီး ကျောင်းကြိုပို့ယာဉ် လိုအပ်သည့် ကျောင်းအများစုတို့တွင် သုံးစွဲရန် ခက်ခဲကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူနေမှုနှင့် စီးပွားရေး အခြေအနေများကိုလည်း အလေးထားစဉ်းစားပြီး ဆောင်ရွက်သင့်ကြောင်း၊ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်တို့မှ ငွေကြေးအမြောက်အမြား ချေးငှားထားကြောင်း တွေ့ရှိရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြခြင်း မရှိသည့် ကိစ္စရပ်များအတွက် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှု အရပ်ရပ်တို့သည် လွှတ်တော်တွင် တာဝန်မရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခရီးသည်တင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီတို့တွင် ၇၀ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ YUBC တွင် ၃၅ ဘီလျံ၊ YUPT တွင် ၃၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်ကို သိရှိရကြောင်း၊ တန်းဖိုးလျော့ စရိတ်များတွင် အရှုံးပေါ်နေသည်ကို တွေ့ရကြောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုသည် အများပြည်သူများ၏ ငွေဖြင့် အစိုးရမှ တာဝန်ခံ မြှုပ်နှံထားသဖြင့် မဆုံးရှုံးစေရေးအတွက် စနစ်တကျ ဆောင်ရွက်သင့်ကြောင်း အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်တွင်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောကြားသည်။

“မထသက လွှဲပြောင်းငွေထဲက ငါးဘီလျံနဲ့ ကမ္ဘောဇက ချေးငွေ ၅ ဒသမ ၅ ဘီလျံကို ကျောင်းကားတွေ ဝယ်ထားပါတယ်။ ကျောင်းကားတွေကို G to G စနစ်နဲ့ ကိုရီးယားကနေ ဝယ်ခဲ့တာကို သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အချို့ကျောင်းကားတွေ ပြေးဆွဲနေပြီးတော့ အချို့ကားတွေကို ယာဉ်ရပ်နားကွင်းတွေမှာ ရပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ကျောင်းသားတွေအတွက် လုံလုံခြုံခြုံ ကျောင်းတက်နိုင်ဖို့ ဆောင်ရွက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပြည်သူ့ငွေတွေကို ထိထိရောက်ရောက် မသုံးစွဲနိုင်ရင် အရာမရောက် ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း စနစ်တကျ စီမံဆောင်ရွက်သင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ပေးဖို့ လေလွင့်မှု မရှိအောင်လုပ်ပေးဖို့ အကြံပြုလိုပါတယ်” ဟု ဦးတင်ဝင်းက ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရက ပြည်သူ့ဘဏ္ဍာငွေများကို အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းပြီး စိတ်ကြိုက်သုံးစွဲ နေခြင်းများကြောင့် စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ညီညွတ်မှုမရှိသော သုံးစွဲမှုများအတွက် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်းကို ခွင့်မပြုသင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်တင်ပြအပ်သည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

 

Most Read

Most Recent