အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဆွေးနွေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဆွေးနွေး
Published 7 February 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၌ ဖေဖော်ဝါရီ ၆ ရက်နံနက်ပိုင်းတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) မှ မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာ Mr. Peter Batchelor၊ Chief Technical Advisor Mr. Chritophoros Politis နှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကာလအတွင်း UNDP က မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်လက်တွဲ၍ မြန်မာနိုင်ငံရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံအဆောက်အအုံများအပေါ် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းတစ်ရပ်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုအညွှန်းကိန်း (CPI Index) အဆင့် ၁၃၆ အထိ တိုးတက်ရောက်ရှိခဲ့သော်လည်း အဆင့်ပိုမိုကောင်းမွန်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသစ် ဦးအောင်ကြည်က ပြောကြားထားသည်။

ထို့ပြင် ကော်မရှင်၏ ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း၊ စီမံချက်တွင် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့သာမက ပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမူဘောင်များကိုလည်း အားကောင်းလာစေရေးအတွက် ဥပဒေပြုအဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှုအညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၇၈ နိုင်ငံတွင် အဆင့် ၁၇၆၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၃ နိုင်ငံ၌ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ အဆင့် ၁၅၇၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံ၌ အဆင့် ၁၅၆၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ၌ အဆင့် ၁၄၇ နှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၃၆ ရှိကြောင်း သိရသည်။

Most Read

Most Recent