ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်တိုးတက်ရေးနှင့် ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေး အဓိကထား ဆောင်ရွက်မည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်တိုးတက်ရေးနှင့် ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေး အဓိကထား ဆောင်ရွက်မည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 13 January 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်တိုးတက်ရေးနှင့် ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေးကို အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“စီးပွားကူးသန်းက ကုန်သွယ်မှုတိုးတက်ဖို့ အဓိကဆောင်ရွက်နေတယ်။ နောက်တစ်ခုက ကုန်သွယ်မှုလိုငွေ လျှော့ချဖို့ ဆောင်ရွက်နေတယ်။ ကုန်သွယ်မှုလိုငွေ လျှော့ချဖို့ဆိုတာ သွင်းကုန်တွေကို လျှော့ချတဲ့ကိစ္စက အရမ်းစဉ်းစားလို့မရတဲ့ကိစ္စ ဖြစ်နေတယ်။ နိုင်ငံအတွက် လိုအပ်တဲ့ စက်သုံးဆီလိုဟာမျိုး စားအုန်းဆီလိုဟာမျိုးတွေ နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တယ် ဆိုတာမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး ပစ္စည်းတွေ တင်သွင်းတဲ့အခါ ဒါကိုလျှော့ချဖို့ ဆိုတာ တစ်ဖက်က စဉ်းစားရမယ့် အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့်မို့ ကုန်သွယ်မှုလိုငွေက မရှိတာ မဟုတ်ဘူး။ ရှိနေတယ်။ သို့သော် ကုန်သွယ်မှုလိုငွေ လျှော့ချဖို့အတွက်က အဓိကက ပို့ကုန်တိုးတက်ဖို့ပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလခန့်တွင် ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၇၃၀၀ ကျော်ရှိပြီး ယခင်နှစ်ကာလ တူထက် အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ နီးပါးအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ဒီဇင်ဘာ ၂၁ ရက် အထိ ပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၇၃၀၀ ဒသမ ၅၁၈ ရရှိထားသည်။

သို့သော် ယခင်နှစ် ကာလတူတွင်မူ ဒေါ်လာ ၆၈၀၆ ဒသမ ၅၄၄ သန်းအထိသာ ရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၃၆ ဒသမ ၉၇၄ သန်းအထိ ပိုမိုရရှိထားခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မြန် မာနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသော ဝင်ငွေသည် ဒေါ်လာ ၃၂၆၃ ဒသမ ၉၄၇ သန်းကျော်သာ ရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၄၁၃၃ ဒသမ ၅၇၁ သန်းအထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်ပမာဏ သည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၈၆၉ ဒသမ ၆၂၄ သန်း ပိုများနေ သောကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ နီးပါးအထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု တိုးတက်စေရေး ပို့ကုန်ကဏ္ဍတွင် အရေအတွက် သာမက အရည်သွေး တိုးမြှင့်ခြင်း ဆောင်ရွက်မှုအပြင် သွင်းကုန်ကဏ္ဍတွင် ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်ကူပြုမည့် အရင်းအနှီး ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent