တန်ချိန် နှစ်သိန်းအထက်သင်္ဘောများ ဆိုက်ကပ်နိုင်သည့်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း နစကဥက္ကဌ ပြောကြား

တန်ချိန် နှစ်သိန်းအထက်သင်္ဘောများ ဆိုက်ကပ်နိုင်သည့်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း နစကဥက္ကဌ ပြောကြား
Published 25 March 2024

တန်ချိန်နှစ်သိန်းအထက် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန်သံတမန်ခန်းမ၌ မတ် ၁၈ ရက် နံနက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား - မြန်မာ နှစ်နိုင်ငံကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများတွင် နစကဥက္ကဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" အနာဂတ်အတွက် အမြော်အမြင်ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့အနေအထားရှိတယ်၊ အဲဒါကတော့ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေ၊ ကျွန်တော်တို့ရပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကျွန်တော်တို့ လုပ်နေတာရှိပါတယ်၊ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပြောကြားသည်။

အဆိုပါ ဆိပ်ကမ်းကို မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်ဘက်တွင် တည်ဆောက်မည့်အစီအစဉ်ရှိသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ ပြောကြားချက်များအရ သိရသည်။

ထို့ပြင်တောင်ပိုင်းဒေသတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံးပုလဲများထွက်ရှိကြောင်း၊ ကျွန်းများလည်းရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပြောကြားသည်။

" ဒါကတော့ တောင်ပိုင်းဒေသမှာတွေ့ရတာ၊ တစ်အချက်ကတော့ ကျွန်တော်တို့ ကျွန်းတွေရှိတယ်၊ နောက်တစ်ခါ ပင်လယ်ကမ်းခြေရှိတယ်၊ နောက်- အဲဒီမှာလည်း ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေရှိတယ်၊ ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ ပုလဲတွေ အဲဒီဒေသမှာ ထွက်တယ်၊ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော်တို့ ဒီပုလဲရောင်းချပွဲတွေ ကျွန်တော်တို့လုပ်ပါတယ်၊ ကမ္ဘာမှာ အကောင်းဆုံး ကျွန်တော်ပြောလို့ပြောတာမဟုတ်ဘူး၊ ကျွန်တော်တို့ မြန်မာနိုင်ငံကထွက်တဲ့ ပုလဲကတော့ ကမ္ဘာမှာ အကောင်းဆုံးအဆင့်ရှိတဲ့ ပုလဲတွေ၊ သဘာဝပုလဲပေါ့၊ မွေးပုလဲတွေ ကျွန်တော်တို့ ရှိပါတယ်၊ နောက်တစ်ခါ ရေအောက် သယံဇာတလုပ်ငန်းတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကြည့်စရာတွေ အများကြီးရှိတယ်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပြောကြားသည်။

Most Read

Most Recent