မြန်မာနိုင်ငံတွင် အပ်စိုက်ကုပညာကို တရားဝင်ကုသနိုင်ရန် လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် အပ်စိုက်ကုပညာကို တရားဝင်ကုသနိုင်ရန် လုပ်ဆောင်မည်
Published 9 January 2019
ငြိမ်းငြိမ်းသူ

မြန်မာနိုင်ငံတွင် အပ်စိုက်ကု နည်းပညာကို တရားဝင်ကုသနိုင်ရန်အတွက် လုပ်ဆောင်မည်ဖြစ်ပြီး လွှတ်တော်အထူးဥပဒေ ကော်မရှင်တွင် လျှောက်ထားကြောင်း အပ်စိုက်ကုပညာရှင် ဦးမောင်မောင်လှိုင်က ပြောကြားသည်။

ကမ္ဘာ့အပ်စိုက်ကုနေ့ကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၅ ရက်က ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ယူနက်စကိုမှ ယင်းနေ့ကို ကမ္ဘာ့အပ်စိုက်ကုနေ့ဟူ၍ သတ်မှတ်ပေးထားကြောင်း သိရသည်။

“ဒီပညာကို တရားဝင်ဖြစ်ဖို့ လွှတ်တော် အထူးဥပဒေကော်မရှင်မှာ ဆရာတို့ လျှောက်ထားပြီးပါပြီ။ဒါကို ခွင့်ပြုတယ်ဆို ဥပဒေ ရေးဆွဲရုံပါပဲ”  ဟု ၎င်းကပြောကြားသည်။

အပ်စိုက်ကုနည်းဖြင့် ကုသရာတွင် အဓိကအားဖြင့် လေဖြတ်နေသူများ၊ နားမကြားသူများ၊ အာရုံကြောရောဂါခံစားနေရသူများ၊ ပိုလီယိုရောဂါ ခံစားနေရသူများ၊ ဒူးနာ၊ ခါးနာခံစားနေရသူများ စသည့်ရောဂါ ခံစားနေရသူများကို အဓိကကုသပေးပြီး၊ ကင်ဆာရောဂါ၊အရိုးကျိုးခြင်း၊ HIV ၊ ကလေး မွေးဖွားခြင်းစသည့်တို့ကို ယင်းနည်းပညာဖြင့် ကုသ၍မရကြောင်း သိရသည်။

ရောဂါများကို အပ်စိုက်ကုရာတွင် တရုတ်ပြည်မှအပ်များကို မှာယူသုံးစွဲခြင်း ဖြစ်ပြီး တစ်ခါသုံး အပ်ဖြစ်ကြောင်း နှင့် အဆိုပါအပ်စိုက်ကုပညာသည် သမိုင်းမှတ်တမ်းများအရတ  ရုတ်ပြည်မှစတင်ခဲ့ကြောင်း၊ တရုတ်ပြည်တွင် ယင်းပညာသည် ထွန်းကားခဲ့ဘူးကြောင်း ဦးမောင်မောင်လှိုင်က ပြောကြားသည်။

“အပ်တွေကိုတော့ တရုတ်ပြည်က မှာရတယ်။တစ်ခါသုံးအပ်ပေါ့။ လူနာရဲ့ ကျန်းမာရေး မထိခိုက်အောင် ဒီလိုပဲလုပ်ပါတယ်။ ကိုးရီယားနည်း ရှိတယ်။ ဂျပန်နည်းရှိမယ်။သူတို့ကလည်း တရုတ်ပြည်ကနေကွဲထွက် သွားတာပေါ့။ ဒါပေမဲ့ ဆရာတို့ကုတာနဲ့ မတူပါဘူး” ဟု၎င်းက ပြောကြားသည်။

လက်ရှိတွင်ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင်ရှိသည့် ဆွံ့အနားမကြားကျောင်းရှိ ကလေးများကို ကုသပေးရန်အတွက် လုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent