မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် စက်ခေါင်းသစ်၊ လေအိတ် တွဲဆိုင်းသစ်များဖြင့် အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန်ရထားခရီးစဉ် စတင်တိုးချဲ့ပြေးဆွဲ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် စက်ခေါင်းသစ်၊ လေအိတ် တွဲဆိုင်းသစ်များဖြင့် အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန်ရထားခရီးစဉ် စတင်တိုးချဲ့ပြေးဆွဲ
တိုးချဲ့ပြေးဆွဲသည့် အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန် ရထားအားတွေ့ရစဉ်
တိုးချဲ့ပြေးဆွဲသည့် အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန် ရထားအားတွေ့ရစဉ်
Published 29 December 2018
လဲ့လဲ့အောင်

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် စက်ခေါင်းသစ်၊ လေအိတ်တွဲဆိုင်းသစ်များဖြင့် အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန် ရထားခရီးစဉ်အား ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လေအိတ်ရထားခရီးစဉ်ကို စတင်တိုးချဲ့ပြေးဆွဲခြင်းဖွင့်ပွဲကို မန္တလေးဘူတာကြီး စင်္ကြံအမှတ် ၁ တွင် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ တိုးချဲ့ပြေးဆွဲသည့် ရထားခရီးစဉ်မှာ နေ့စဉ် မန္တလေးဘူတာကြီးမှ မွန်းလွဲ ၁ နာရီတွင် အမှတ် ၃၃ အဆန် ရထားအဖြစ်ထွက်ခွာ ပြေးဆွဲမည်ဖြစ်ပြီး ရိုရိုးတန်း ရှစ်တွဲ၊ အထက်တန်း နှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ စုစုပေါင်း တွဲဆိုင်း ၁၁ တွဲ ပါဝင်ကာ မြစ်ကြီးနားဘူတာသို့ နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။

မန္တလေး- မြစ်ကြီးနား လမ်းပိုင်းမှာ အရင်ကပြေးဆွဲနေရတဲ့ ရထားလေးစင်းရှိပါတယ်။ အခုက ပြည်တွင်းထုတ် တွဲဆိုင်းသစ်တွေနဲ့ ထပ်မံ တိုးချဲ့ပြေးဆွဲတာပါ။ တိုးချဲ့ပြေးဆွဲတဲ့ ခရီးစဉ်နဲ့ဆိုရင် လက်ရှိ မန္တလေး- မြစ် ကြီးနားလမ်းပိုင်းမှာ ရထားငါးစင်းရှိပါပြီ။ လေအိတ်ရထားဖြစ်ပြီး ကြားမှာ ဘူတာငါးခုပဲ ရပ်နားမှာကြောင့် ခုတ်မောင်းကြာချိန်ကလည်း အရင်ရထားတွေထက် လျော့ကျပါတယ်။ မန္တလေးကနေ မြစ်ကြီးနားအထိ စုစုပေါင်း ခုတ်မောင်းကြာချိန် ၁၇ နာရီကျော်သာ ကြာမှာဖြစ်တယ်။ အရင်ပြေးနေတဲ့ မန္တလေး-မြစ်ကြီးနား ရထားတွေက ခုတ်မောင်းကြာချိန် ၁၈ နာရီကျော်ကနေ နာရီ ၂၀ လောက်ထိရှိပါတယ် ဟု မြန်မာ့မီးရထား တိုင်း (၃) မှ အင်ဂျင်နီယာမှူး (စက်မှု/တိုင်း) ဦးမောင်မောင်ပြုံးက ပြောကြားသည်။

လက်ရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် နေ့စဉ် အစုန်လေးစီးနှင့် အဆန်လေးစီး ပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားပြည်သူများ သက်သောင့်သက်သာ စီးနင်းသွားလာနိုင်စေရေးအတွက်ရည်ရွယ်၍ မြစ်ငယ် တွဲပြင်စက်ရုံမှ ထုတ်လုပ်သည့် လေအိတ် တွဲဆိုင်းသစ်များဖြင့် အဆင့်မြှင့်တင် တိုးချဲ့ပြေးဆွဲပေးခြင်းဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနား ခရီးစဉ်တစ်လျောက်တွင် ရွှေဘို၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ မိုးကောင်းစသည့် ဘူတာငါးခုတွင်သာ ရပ်နားမည်ဖြစ်ပြီး ခရီး၊ ခရီးဆုံး လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ကျပ် ၉၀၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၈၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့မီးရထားမှာ တစ်ပြည်လုံး လမ်းပိုင်း ၃၂ ခုရှိသည့်အနက် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းပြီးနောက် ခရီးသည်နှင့်ကုန်စည် ဒုတိယအများဆုံး သယ်ယူပို့ဆောင်ပေးနေသည့် လမ်းပိုင်းဖြစ်ကာ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းရှိ ဒေသအများစုမှာ ရထားကိုသာ အဓိက အားထား သွားလာရသည့်အတွက် ခရီးစဉ် တိုးချဲ့ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် နေ့စဉ်ခရီးသည် (၁၂၀၀) မှ (၁၃၀၀)အတွင်း ပုံမှန် စီးနင်းမှုများရှိကြောင်း သိရသည်။

Most Read

Most Recent