သံချပ်ကာယာဉ်များ တင်ဆောင်နိုင်သည့် ၂၉ မီတာ ကမ်းထိုးရေယာဉ်များအပါအဝင် ရေယာဉ်ခုနစ်စင်း တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပြီး တပ်မတော်(ရေ)အား ဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား

သံချပ်ကာယာဉ်များ တင်ဆောင်နိုင်သည့် ၂၉ မီတာ ကမ်းထိုးရေယာဉ်များအပါအဝင် ရေယာဉ်ခုနစ်စင်း တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပြီး တပ်မတော်(ရေ)အား ဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 25 December 2018

သံချပ်ကာယာဉ်များ တင်ဆောင်နိုင်သည့် ၂၉ မီတာကမ်း ထိုးရေယာဉ်များ အပါအဝင် ရေယာဉ်ခုနစ်စင်း တပ်တော်ဝင် အခမ်းအနားပြုလုပ်ခဲ့ပြီး တပ်မတော် (ရေ)အားဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၂၄ ရက်တွင်ပြုလုပ်သည့် (၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည် အခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ပြောကြားသည်။

(၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ စစ်ရေယာဉ်ခုနစ်စင်းအား တပ်တော်ဝင်နိုင်ခဲ့ပြီး ထူးခြားချက်အနေဖြင့် တပ်မတော်(ရေ)အတွက် မရှိမဖြစ်လိုအပ်သည့် ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း -၂) အား တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ဝေးလံသည့် ရေတပ်စခန်းဌာနချုပ်များမှ သင်္ဘောများအား ရေပေါ်လွန်းကျင်းတွင် လွန်းတင်ပြင်ဆင် နိုင်ပြီဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းများနှင့် လုပ်ငန်းခွင်အဆင်ပြေချောမွေ့ခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောလိုကြောင်း၊ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေး ကုန်ကျမှုကိုလျော့ချနိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် စွမ်းရည်ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ရေတပ်၏ ဆောင်ပုဒ်ဖြစ်သည့် “မြန်မာ့ပင်လယ် ဒို့ကာကွယ်”ဆိုသည့်အတိုင်း နိုင်ငံတော်၏ ရေပိုင်နက်ကိုကာကွယ် စောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ ဒေသတွင်း Blue Water Navy အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့သည် တပ်မတော် (ရေ)၏ တည်ဆောက်နိုင်မှု စွမ်းရည်နှင့် ပတ်သက်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် မှတ်ကျောက်တင်သည့် နေ့တစ်နေ့ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း၊ ရှေ့ဆက်ပြီး အရည်အချင်းရှိသည့်တပ်မတော်(ရေ) အဖြစ် တည်ဆောက်နိုင်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်နှင့် လက်ဆင့်ကမ်းအမွေပေးခြင်းများကို ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၃)ရေတပ် ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်- ရတနာပုံဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

Most Read

Most Recent