မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
Published 21 June 2024

မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မုဒုံ - အဘစ် - ခလယ်တံခွန်တိုင် - ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်ရှိ အဆိုပါမုဒုံမြို့နယ် အဘစ်ကျေးရွာတွင် ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးနေကြစဉ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာဘက်မှ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ဘက်သို့ အဘစ် - ခလယ်တံခွန်တိုင်လမ်းအတိုင်း စိန်အေးကျော်ဆိုသူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “စိန်အေးကျော်စီးလာတဲ့ မော်တော်ဆိုင်ကယ်က HONDA WAVE – 125 အမျိုးအစားပါ။ လုံခြုံရေးတပ်ဖွဲ့က ဆိုင်ကယ်တူးဘောက်ကို ဖွင့်ပြီး စစ်ဆေးကြတဲ့အခါ တူးဘေက်ထဲမှာ ပစ္စတို ငါးလက်၊ ကျည်အိမ်က ၁၀ ခု နဲ့ ၉ - မမ ကျည်လေးတောင့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ စိန်အေးကျော်အား ကမာဝက်နယ်မြေရဲစခန်းသို့ ပို့ဆောင်က စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီးနောက် မုဒုံ - ကြာအင်းဆိပ်ကြီး ကားလမ်းတွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်းလည်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent