သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံရ

သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံရ
Published 21 May 2024

သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မေ ၂၀ ရက်ညပိုင်းက မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂၀ ရက်က ည ၉ နာရီခွဲခန့်က ရန်ကုန် - မော်လမြိုင်ရထားလမ်းဘက်မှ ပေါက်ကွဲသံကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနက်ကမှ ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြားက ရထားတံတား မိုင်းခွဲခံရတာလို့ သိရတယ်” ဟု ပြောကြားသည်။

မိုင်းထောင်‌‌ဖောက်ခွဲဖျက်ဆီးခံရမှု‌ကြောင့် ရန်ကုန် -  မော်လမြိုင် ရထားလမ်းမိုင်တိုင်အမှတ် (၁၂၄/၉) နှင့် (၁၂၄/၁၀) အကြား၊ အရှည် ၆၀ ပေ၊ အကျယ် (၃)ပေရှိ တံတားအမှတ် ၇၈ ပေါ်ရှိ မီးရထားသံလမ်း ဘယ်/ညာ တစ်ပေခွဲခန့်စီ နှစ်နေရာပျက်ထွက်ခဲ့သည်ဟု ကနဦးသိရကြောင်း မော်‌လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီနေ့ (မေ ၂၁ ရက်) ရန်ကုန်ကို ထွက်ခွာမယ့် ရထားခရီးစဉ်တွေ ရထားထွက်ခွာချိန် နောက်ဆုတ်ထားပါတယ်။ ပျက်ဆီးသွားတဲ့ ရထားလမ်းပိုင်း ပြုပြင်ပြီးသွားရင်‌တော့ ရထားခရီးစဉ်တွေ ပုံမှန်‌ ပြေးဆွဲ‌ပေးသွားမှာပါ” ဟု ပြောကြားသည်။

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရထားလမ်းပိုင်းအားအမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်‌နေ့ မနက်ပိုင်းအချိန်ကလည်း သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းကာတွဲ တစ်တွဲ၊ ရထားစက်ခေါင်းတွဲ တစ်တွဲ၊ နားနေတွဲ တစ်တွဲနှင့် ကျောက်တင်ကုန်တွဲ ၁၇ တွဲပါရှိသည့် ကျောက်တင်ကုန်ရထားမှာ ဇင်းကျိုက်ဘူတာမှ ဘီးလင်းဘူတာဘက်သို့ ခုတ်မောင်းသွားစဉ် သိမ်ဆိပ်ဘူတာအထွက် ရထားမိုင်းတိုင်အမှတ် (၁၂၅/၂) နှင့် (၁၂၅/၃) ကြား တံတားအမှတ် ၇၉ အနီး (လှည်းကူးလမ်း)တွင်  မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent