သင်္ဃန်းကျွန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သင်္ဃန်းကျွန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 18 June 2024

သင်္ဃန်းကျွန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၁၆ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သိန်းဦး(ခ)ကမ္ဘာရှားအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းထံမှ ကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (ဎ/၁၃)ရပ်ကွက်၊ မြောင်းမြလမ်းရှိ နေအိမ်အတွင်းမှ ကျပ်သိန်း ၈၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြားအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ သိန်းဦး(ခ)ကမ္ဘာရှား(၃၃)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent