အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသားများ သေဆုံးသည့်သတင်းများ ထွက်လာအပြီး ဒူအာလီပါက ဂါဇာတွင် အပစ်အခတ်ရပ်ကြရန် တောင်းဆို

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသားများ သေဆုံးသည့်သတင်းများ ထွက်လာအပြီး ဒူအာလီပါက ဂါဇာတွင် အပစ်အခတ်ရပ်ကြရန် တောင်းဆို
Published 30 May 2024

ဂါဇာတိုက်ပွဲရပ်ရေးအတွက် အားပေးထောက်ခံမှုကို အဆိုတော်ဒူအာလီပါက ဆက်လက်ပြသနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဂါဇာရှိ စစ်ရှောင်စခန်းအချို့ကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်ရာ လူအများအပြား သေဆုံးသွားပြီးနောက် လီပါက ဂါဇာတွင် အပစ်အခတ်ရပ်ကြရန် အင်စတာဂရမ်တွင် ပို့စ်တင်ရေးသားခဲ့သည်။

“ကလေးတွေကို အရှင်လတ်လတ်မီး ရှို့တာဟာ ဘယ်တော့မှ တရားမျှတမှုမဖြစ် နိုင်ဘူး။အစ္စရေး လုပ်ရပ်ကို တားဖို့ တစ်ကမ္ဘာလုံး ကြိုးစားနေကြတယ်။ကျေးဇူးပြုပြီး ဂါဇာ  နဲ့တစ်သားတည်းရှိကြောင်း ထုတ်ဖော်ပြကြ ပါ”ဟု လီပါက မေ ၂၈ ရက်ပို့စ်ထဲတွင် တောင်းဆိုထားသည်။ ထို့ပြင် #AllEyes ON Rafah နှင့်#Artists4 Ceasefire  တို့ကိုလည်း လီပါက ထည့်ရေးထားသည်။

လီပါသည် ပါလက်စတိုင်းပြည်သူများဘက်မှ အခိုင်အမာထောက်ခံလာသူဖြစ်ပြီး  ဖေဖော်ဝါရီက ရိုးလင်းစတုန်း မဂ္ဂဇင်းတွင်   ပါလက်စတိုင်းသားများအတွက် ၎င်းရပ်တည် ဖြစ်ခဲ့ပုံကို ဖွင့်ဟထားသည်။“ကျွန်မရဲ့ဖြစ်တည်မှု က နိုင်ငံရေးဆန်သလိုပဲ။ လန်ဒန်မှာ ကျွန်မနေတယ်ဆိုတာက မိဘတွေက စစ်ဘေးရှောင်လာခဲ့လို့ပါ။  အိမ်ကို စွန့်ခွာရတဲ့ သူတွေကို ကျွန်မနားလည်တယ်။ဘယ်သူကမှ  အိုးအိမ်ပစ်မပြေးချင်ကြပါဘူး။ပြေးခဲ့ရတယ် ဆိုရင် လည်း  မိသားစုကိုကယ်တင်ဖို့ ၊ ကာကွယ်ဖို့ ပြေးကြရတာပါ။ဒီတော့ အဲဒီခံစားချက်ကို နားလည်တယ်။စစ် ရှောင်ပြည်သူတွေအပေါ် ကျွန်မရဲ့ခံစားချက်က လုံးဝပကတိ အရှိအတိုင်းပဲ”ဟု ပြောခဲ့သည်။

ထို့ပြင် ထိုအင်တာဗျူးတွင် ဒူအာလီပါက ဟားမာ့စ်ဘက်က စတင်ခဲ့သည့် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု အတွင်း အစ္စရေးဘက်က ပေးဆပ်ခဲ့ရသည့် အသက်တိုင်းအတွက် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ပြောခဲ့ သည်။

ဂါဇာကို အစ္စရေးဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုများ စတင်လိုက်ပြီးမကြာမီ ဂါဇာ တိုက်ပွဲရပ်ရေး သမ္မတ ဂျိုးဘိုင်ဒင်ထံ ဟောလိဝုဒ်လောကသားများ စာပို့တောင်းဆိုခဲ့သည့်အထဲ လီပါလည်း ပါဝင်ခဲ့သည်။

ယခုလီပါ၏ အင်စတာဂရမ်ပို့စ်က ရာဖာမြို့အနောက်ဘက်ရှိ စစ်ရှောင်ပြည်သူများ စခန်းအချို့ကို အစ္စရေး ကလေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူဒါဇင်ချီသေဆုံးသွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Most Read

Most Recent