BTS အဖွဲ့ဝင် J-Hope က ဇိမ်ခံပန့်ဟောက်စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူ

BTS အဖွဲ့ဝင် J-Hope က ဇိမ်ခံပန့်ဟောက်စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူ
Photo: Allkpop
Photo: Allkpop
Published 22 June 2024

တောင်ကိုရီးယား နာမည်ကျော် K-Pop အဖွဲ့ BTS ၏အဖွဲ့ဝင် J-Hope က ဇိမ်ခံပန့်ဟောက်စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ပြီး အပြည့်အစုံကို ငွေသားဖြင့်သာ ရှင်းခဲ့ကြောင်း သိရသည်။

ဇွန် ၂၀ ရက်တွင် Ten Asia သတင်း၏ ဖော်ပြချက်အရ BTS အဖွဲ့ဝင် J-Hope သည် ဆိုးလ်မြို့တော် ယောင်းဆန်းဂူခရိုင်ဆိုဘင်းဂိုဒေါင်ရပ်ကွက်တွင် တည်ရှိသော အေဖာဟန်ဂန်းပန့်ဟောက်စ်ကို ငွေသားဖြင့်ဝယ်ယူခဲ့ကြောင်းဖော်ပြထားသည်။

နှစ်ထပ်ပါရှိသော ယင်းပန့်ဟောက်စ်၏ အကျယ်သည် ၂၇၃ ဒသမ ၈၆ စတုရန်းမီတာရှိသည်ဟု ဆိုသည်။

J-Hope သည် ယင်းနေရာတွင် ၂၀၂၀ ပြည့်နှစ်က အခြေချနေထိုင်ခဲ့ပြီး ဇွန် ၁၀ ရက် ၌ ပိုင်ဆိုင်မှုကို အပြီးလွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ အိမ်ခြံမြေလောက၌ အေဖာဟန်ဂန်း ပန့်ဟောက်စ်၏ အရောင်းတန်ဖိုးသည်ပျမ်းမျှ  ဝမ် ၁၂ ဘီလျံ(ဒေါ်လာ ၈ ဒသမ ၆ သန်း)ဖြစ်သည်။

ယင်းအေဖာဟန်ဂန်း၏ ဗိသုကာဒီဇိုင်းကို  Hongik တက္ကသိုလ်မှ ပါမောက္ခယူးဟွန်ဂျွန်က ပြန်လည်မွမ်းမံပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ယောင်ဆန်းပန်းခြံဘေးတွင်တည်ရှိသည့် အေဖာဟန်ဂန်းအဆောက်အအုံတွင် နေထိုင်သူများအနေဖြင့် ယောင်ဆန်းပန်းခြံနှင့်ဟန်မြစ်တို့၏ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။    

နေထိုင်သူများသည် သီးသန့်ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ကာ ဇိမ်ခံကားဝန်ဆောင်မှု၊ အိမ်သန့်ရှင်းရေးဝန်ဆောင်မှုနှင့် အငှားယာဉ်မောင်းမှအစ အိမ်ထောင်စုစီမံခန့်ခွဲမှု ဝန်ဆောင်မှုများအပါအဝင် အထူးဝန်ဆောင်မှုများလည်း ရရှိမည်ဖြစ်သည်။

ယခင်က J-Hope သည်ဆိုးလ်မြို့တော် ဆောင်းဒုံဂူခရိုင် ဆောင်းဆူဒုံရပ်ကွက် ထရိုင်မေ့ချ်ရှိ ဇိမ်ခံတိုက်ခန်းနှစ်ခန်းကိုဝယ်ယူခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

J-Hope သည် လွန်ခဲ့သည့်ဧပြီလကစစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်  အမှတ် ၃၆ ခြေလျင်တပ်ရင်း၏ တပ်သားသစ်လေ့ကျင့်ရေးစင်တာတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သူသည် အောက်တိုဘာ ၁၇ ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဟု သိရသည်။

J-Hope သည်စစ်မှုထမ်းတာဝန်ထမ်းဆောင်နေရသော်လည်း ၎င်း၏အယ်လ်ဘမ်အသစ်သည် အမေရိကန် Billboard စာရင်းတွင် ထိပ်ဆုံးနေရာ၌ရပ်တည်လျက်ရှိသည်။ မတ် ၂၉ ရက်က ထွက်ရှိခဲ့သော၎င်း၏အထူး အယ်လ်ဘမ်“HOPE ON THE STREET VOL.1”သည် အဓိကအယ်လ်ဘမ်စာရင်း Billboard 200 တွင် ပါဝင်ခဲ့သည်။

Most Read

Most Recent