ပြည်ပ သွားမည့်သူများကို တစ်ဒေါ်လာ ကျပ် ၃၃၃၁  နှုန်းဖြင့် ဒေါ်လာ ၅၀၀ အထိ ရောင်းပေးနေဟု  ပုဂ္ဂလိကဘဏ်အချို့ဆို

ပြည်ပ သွားမည့်သူများကို တစ်ဒေါ်လာ ကျပ် ၃၃၃၁  နှုန်းဖြင့် ဒေါ်လာ ၅၀၀ အထိ ရောင်းပေးနေဟု  ပုဂ္ဂလိကဘဏ်အချို့ဆို
Published 29 May 2024

ပြည်ပသို့ သွားရောက်မည့်သူများအတွက် တစ်ဒေါ်လာ ကျပ် ၃၃၃၁ နှုန်းဖြင့် ဒေါ်လာ ၅၀၀ အထိ ‌ရောင်းပေးနေဟု ပုဂ္ဂလိကဘဏ် အချို့က ထုတ်ပြန်သည်။

KBZ၊ AYA၊ CB၊ UAB၊ AGD၊ YOMA၊ A Bank၊ MOB၊ MCB အစရှိသည့် ပုဂ္ဂလိကဘဏ်များ၏ သတ်မှတ် ထားသော ဘဏ်ခွဲများတွင် ရောင်းပေးနေခြင်းဟု သိရသည်။

ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် KBZ ၏ ထုတ်ပြန်ချက်အရ  ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရန် သတ်မှတ်ထားသည့် အကြောင်းအရာများနှင့် ကိုက်ညီသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ ရောင်းချပေးနေသည်ဟု သိရသည်။

အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူများ၊ ပညာတော်သင်ရန် ထွက်ခွာသူ များ၊ ဆေးကုသမှုခံယူရန် ထွက်ခွာသူများ၊ ဘုရားဖူး ထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရ၊ အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများကို ရောင်းချပေးနေ ‌ကြောင်း၊ ရောင်းချခြင်းကို Online Trading Weighted Average Rate အား အခြေခံ၍ ဝယ်ဈေး/ ရောင်းဈေး သတ်မှတ် ရောင်းချပေးလျက်ရှိသည်ဟု ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်သည့် KBZ က ထုတ်ပြန်ထားသည်။

မေ ၂၉ ရက်တွင် ပုဂ္ဂလိကဘဏ်များက ရောင်းချလျက်ရှိသည့် ငွေလဲနှုန်းမှာ အမေရိကန်တဒေါ်လာလျှင် ၃၃၃၁ ကျပ်ဖြစ်သည်။

ရောင်းချပေးမည့် နိုင်ငံခြားငွေပမာဏကို အချို့ပုဂ္ဂလိကဘဏ် များ၏ ထုတ်ပြန်ချက်တွင် သတ်မှတ်ထားသည့် ပမာဏအတိုင်း ရောင်းချပေးမည်ဟု ဖော်ပြ‌ထားသော်လည်း သတ်မှတ်ပမာဏမှာ မည်မျှ ဖြစ်သည်ကို ဖော်ပြထားခြင်းမရှိ‌ပေ။

အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ငွေကြေးမတည်ငြိမ်အောင် ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်က မေ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အွန်လိုင်းပလက်ဖောင်းများဖြစ်သည့် Facebook၊ Viber၊ တယ်လီဂရမ်များတွင် အကောင့်တုများဖြင့် ဘဏ်များမှ ငွေလဲ လှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်း အပါအဝင် မမှန်ကန် သည့် သတင်းများကို ထုတ်ပြန်ပြီး ငွေကြေးမတည်ငြိမ်အောင် ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

အဆိုပါ ဝက်ဘ်ဆိုက်များကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဘဏ်များမှ  အရောင်းအဝယ်ငွေလဲနှုန်းများကို ဖော်ပြလျက်ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent