သက်ဆင်သည် ပျော်ရွှင်နေသော်လည်း အားနည်းနေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

သက်ဆင်သည် ပျော်ရွှင်နေသော်လည်း အားနည်းနေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
ဖေဖော်ဝါရီ ၁၈ ရက်က ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၎င်း၏ နေအိမ်ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် သက်ဆင်ကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၈ ရက်က ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၎င်း၏ နေအိမ်ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် သက်ဆင်ကို တွေ့ရစဉ်(Photo:AFP)
Published 25 February 2024

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် သည် အကျဉ်းချခံထားရချိန်က ဆေးဝါးကုသမှုခံယူခဲ့ရသည့် ဆေးရုံမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် သက်သောင့်သက်သာဖြင့် စိတ်ပျော်ရွှင်နေသော်လည်း အား နည်းနေဆဲဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ဘီလျံနာ သက်ဆင်သည် ပြည်ပတွင် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ထိုင်းသို့ ပြန်လည်ရောက်ရှိသည့် နေ့မှာပင် အကျဉ်းချခံခဲ့ရပြီး  ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

“သူ စကားအများကြီး မပြောပါဘူး။ အားနည်းနေတုန်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ လက်ကိုတော့ နဲနဲမြှောက်နိုင်လာပါပြီ”ဟု ဆရီထာက သတင်းထောက်များကို ပြောကြားခဲ့ပြီး သက်ဆင်သည် ဆေးရုံမှ ဆင်းချိန်က လက်ကို မမြှောက်နိုင်ဘဲ သိုင်းကြိုးစည်းထားရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

သက်ဆင်သည် ၎င်း၏ မိသားစု၊ အရင်းရှင်ဝါဒီများနှင့် ထိုင်းအစိုးရအဖွဲ့များနှင့် အင်စတီကျူးရှင်းများအပေါ် ကာလကြာရှည် သြဇာလွှမ်းမိုးခဲ့သည့် ဘုရင်စနစ်ထောက်ခံသူများ၊ စစ်ဗိုလ်ချုပ်များ၊ ချမ်းသာကြွယ်ဝသည့် မိသားစုများအကြား အာဏာလွန်ဆွဲမှု၏ ဗဟိုချက်တစ်ခုဖြစ်ခဲ့ရသည်။

သက်ဆင်သည် ထိုင်းသို့ပြန်ရောက်သည့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်တွင်  အဂတိလိုက်စားမှု၊ အာ ဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။

သို့သော် သက်ဆင်သည် အကျဉ်းထောင်သို့ ရောက်ပြီး နာရီပိုင်းအတွင်းမှာပင် ကျန်းမာရေး ဆိုးရွားလာသဖြင့် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခံခဲ့ရသည်။

ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့ပြီး ဆေးရုံတွင် ခြောက်လကြာ ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ဆရီသာသည် ဘန်ကောက်မြို့တော်ရှိ သက်ဆင်၏ နေအိမ်သို့ သွားရောက်ခဲ့ပြီးနောက် သက်ဆင်က ၎င်းအား အလုပ်တာဝန်များနှင့်ပတ်သက်ပြီး အာပေးစကားပြောကြားခဲ့ကြောင်း သို့သော် ၎င်းတို့နှစ်ဦးသည် နိုင်ငံရေးကိစ္စများ မဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူ နိုင်ငံကို ဘယ်လိုအထောက်အကူ ပြုပေးမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်မပြောခဲ့ပါဘူး။ဒါပေမယ့် သူဟာ နိုင်ငံအတွက် စိုးရိမ်နေပါတယ်။ အထူးသဖြင့် စီးပွားရေးပြဿနာတွေ အများကြီးရှိနေလို့ ဖြစ်ပါ တယ်”ဟု ဆရီသာက ပြောကြားခဲ့သည်။

သက်ဆင် ထိုင်းသို့ပြည်တော်ပြန်လာချိန်သည် ၎င်း၏ဖြူထိုင်းပါတီက စစ်တပ်လိုလားသော ပါတီများနှင့် အငြင်းပွားဖွယ် သဘောတူညီမှုရယူကာ အာဏာပြန်ရလာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ၎င်း၏ပြစ် ဒဏ်ကာလကို လျှော့ပေါ့ပေးရန်လည်း လျှို့ ဝှက်သဘောတူညီမှုယူခဲ့သည်ဟူသော ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း ဖြူထိုင်းပါတီကမူ အဆိုပါ ထင်ကြေးပေးမှုများကို ငြင်းဆိုခဲ့သည်။

ထိုင်းအစိုးရမူ သက်ဆင်ပြန်လည် လွတ်မြောက်ရန် မည်သည့်သဘောတူညီချက်မျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကလည်း သက်ဆင်သည် ၎င်း၏ ထောင်ဒဏ် ကို ကျခံခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

                             Ref:AFP

Most Read

Most Recent