
Published 23 February 2024

ယူနန် - ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စများ စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Wang Yu Bo နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Wang Yu Bo က မြန်မာနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရန်ကုန်မြို့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့တို့ ညီအစ်မမြို့တော် ထူထောင်ထားရာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုကိစ္စရပ်များ၊ ယူနန် - ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရေးကိစ္စများအပါအဝင် အနာဂတ်တွင် လုပ်ငန်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မြှင့်တင်သွားနိုင်ရေး ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့သည် ၁၉၉၇ ခုနှစ်တွင် ယန်ကျိုး၊ ၂၀၀၈ ခုနှစ်တွင် ကူမင်း၊ ၂၀၀၉ ခုနှစ်တွင် နန်နင်းမြို့များနှင့် ညီအစ်မမြို့တော်များအဖြစ် ထူထောင်ထားရှိကြောင်း၊ လက်ရှိတွင် ချုံချင်း၊ ဖူကျိုးမြို့တို့နှင့်လည်း ချစ်ကြည်ရေးမြို့တော်အဖြစ် စာချွန်လွှာ ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံ ဆက်ဆံရေးများစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူ ၆၂၂ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၄၂၃ ခု ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိရာ စက်မှုကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent