ပြည်ပအကူအညီများ နှောင့်နှေးနေခြင်းကြောင့် ရှေ့တန်းစစ်မျက်နှာများတွင် ယူကရိန်းစစ်သားများ အလွန်ခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

ပြည်ပအကူအညီများ နှောင့်နှေးနေခြင်းကြောင့် ရှေ့တန်းစစ်မျက်နှာများတွင် ယူကရိန်းစစ်သားများ အလွန်ခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
ရှေ့တန်းရောက်စစ်သည်များကို ဇယ်လန်းစကီးသွားရောက်တွေ့ဆုံနေပုံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရှေ့တန်းရောက်စစ်သည်များကို ဇယ်လန်းစကီးသွားရောက်တွေ့ဆုံနေပုံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 20 February 2024

အရေးပါသော မြို့တစ်မြို့ကို လက်လွှတ်ဆုံးရှုံးထားရသော ယူကရိန်းတပ်ဖွဲ့များသည် နှောင့်နှေးနေသော ပြည်ပအကူအညီများကြောင့် ရုရှားနှင့်ထိပ်တိုက်တွေ့သည့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက်လုံးတွင် ယခု အခါအလွန်ခက်ခဲ့သော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် အရှိန်မြှင့်တင်ထားသော ရုရှားထိုးစစ်ကြောင့် ရုရှားသည်လွန်ခဲ့သော သီတင်းပတ်တွင် အရေးပါသော အက်ဒီဗကာမြို့ကို သိမ်းပိုက်ရရှိခဲ့ရာ ယင်းသည် ၂၀၂၂ ဖေဖော်ဝါရီ ကျူးကျော်မှု၏ ဒုတိယမြောက်နှစ်ပတ်လည်မတိုင်မီ ကြီးကြီးမားမား အားတက်စရာဖြစ်ခဲ့ရသည်။

ခဲယမ်းများနှင့် လက်နက်ကြီးကျည်ဆန်များ အလွန်အမင်းလိုအပ်နေသည်ယူကရိန်း စစ်တပ်က ပြောကြားလျက်ရှိသည်။ ထို့အပြင် အမေရိကန်ဒေါ်လာဘီလျံ ၆၀ ရှိသော အကူအညီများ မရရှိသေးခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။

“ရှေ့တန်း နေရာအများအပြားမှာ အခြေအနေဟာ အလွန်ခက်ခဲနေပါတယ်။ ရှေ့တန်းမှာ ရုရှားတပ်တွေဟာ အများဆုံး အရန်တပ်တွေကို စုစည်းထားပါတယ်”ဟု ခါကိဗ်ဒေသရှိ ရှေ့တန်းရောက်တပ်ဖွဲ့များထံ သွား ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“ရုရှားတပ်တွေဟာ ယူကရိန်းအကူအညီတွေ နှောင့်နှေးနေတာတွေကို အသုံးချနေတာဖြစ်ပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ လက်နက်ကြီးပြတ်လပ်နေမှုများ၊ ရှေ့တန်း၌ လေကြောင်းရန်ကာကွယ် ရေးနှင့် တာဝေးပစ်လက်နက်များ ပြတ်လပ်နေမှုတို့ကို ၎င်းက အလေးပေးပြောကြားခဲ့သည်။

အရေးတကြီး လိုအပ်နေသော အကူအညီများကိုရီပတ်ဘလီကင်လွှမ်းမိုးထားသော အမေရိကန်ကွန်ဂရက်က အတည်ပြုပေးလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဇယ်လန်းစကီးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရပ်နားထားသည့် လွှတ်တော်ကို ပြန်စသည့်အခါ ကွန်ဂရက်က ယူကရိန်းအကူအညီကို အတည်ပြုပေးမည်ဟု ယုံကြည်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်းရှမိုင်ဂါက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ မိမိနိုင်ငံသည် နိုင်ငံတကာအထောက်အပံ့များရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရှမိုင်ဂါက ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို ဥရောပသမဂ္ဂ(အီးယူ)လို၊ ဂျပန်လို၊ ဂျီ(၇)အဖွဲ့ဝင်နိုင်ငံအားလုံးလို ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးလို ထောက် ပံ့သွားမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်”ဟု တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်းကို အကူအညီပေးရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပင်ပန်းနွမ်းလျမှုနှင့်ပတ်သက်၍ မေးမြန်း သည်ကို ယူကရိန်းဝန်ကြီးချုပ်က အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လူ့အသက်တွေနဲ့ရင်းနေရတဲ့ စစ်ပွဲဖြစ်တာကြောင့် ပင်ပန်းနွမ်းနယ်တယ်ဆိုတဲ့စကားကို ကျွန်တော်တို့ ပြောလို့မရပါဘူး။ ခင်ဗျားရဲ့အနာဂတ်၊ ခင်ဗျားရဲ့အသက်နဲ့ကမ္ဘာလုံး ဆိုင်ရာလုံခြုံရေးစနစ်တို့ အတွက်ခင်ဗျား တိုက်ခိုက်နေရတဲ့အခါ ပင်ပန်းနွမ်းနယ်နေလို့မရပါဘူး”ဟု ဆိုသည်။                    

Ref: AFP

Most Read

Most Recent