ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံရ
Published 20 February 2024

ထိုင်းနိုင်ငံအတွင်းသို့ ယခုအပတ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်သွားရောက်သူ များပြားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ေဖေဖာ်ဝါရီ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ နခေါ(န်) ပထုမ်ခရိုင်တွင် ဒေသခံအာဏာပိုင်အဖွဲ့များပါဝင်သည့် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နခေါ(န်)ပထုမ်ခရိုင် နခေါ(န်)ချိုင်ရစီမြို့ လယ်(မ်)ဘွာကျေးရွာအုပ်စု ၃ တွင် သံသယဖြစ်ဖွယ် ဗင်ကား နှစ်စီးအား စစ်ဆေးရာ ကားထဲတွင် လိုက်ပါလာသည့် အထောက်အထားမဲ့မြန်မာအလုပ်သမား ၄၆ ဦး တွေ့ရှိကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံမြန်မာနိုင်ငံသားများမှာ လူငယ်လူရွယ်များဖြစ်ပြီး လူကယ်ရီပွဲစားများနှင့်ချိတ်ဆက်ကာ  ကော့သောင်းရနောင်းလမ်းမှ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူများဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူအားလုံးကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် နခေါ(န်)ချိုင်ယစီ ရဲစခန်းသို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခွဲခန့်ကလည်း ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်တွင် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပတ်မောင်းနေသည့် ကားတစီးကို တွေ့ရှိသဖြင့် ကြားဖြတ်စစ်ဆေးရာ ကားထဲတွင် မြန်မာအလုပ်သမား ခုနစ်ဦး (ကျား ၂၊ မ ၃၊ ကလေးငယ် နှစ်ဦး)တို့ကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံမြန်မာလုပ်သားများသည် ရနောင်းမှတဆင် ပစ်ကပ်ကားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ချွန်ဖော်ခရိုင် လန်(င်)စွန်မြို့သို့ တစ်ဦးလျှင် ပို့ဆောင်ခဘတ် ၃၅၀၀  ပေးရကြောင်း သိရသည်။

ဖမ်းဆီးခံမြန်မာအလုပ်သမားများသည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် (Border Pass) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာပြီး ယခုကဲ့သ်ို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ ယခုအပတ်အတွင်း တရားမဝင်ဝင်ရောက်သူများပြားလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၌ စစ်မှုမထမ်းမနေရဥပဒေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးထားသည်ဟု သိရသည်။

Most Read

Most Recent