ပတ်စ်ပို့စ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထုတ်ပြန်ကာ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူမည်

ပတ်စ်ပို့စ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထုတ်ပြန်ကာ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူမည်
Published 20 February 2024

ပတ်စ်ပို့စ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရကြောင်း၊ အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်သည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် အွန်လိုင်းဘိုကင်တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့် လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင်လည်း နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်ဟု  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှာ အွန်လိုင်းဘိုကင်စနစ်ဖြင့် စတင်ရက်ချိန်းယူရပြီး ရက်ချိန်းရရှိမှသာ ရုံးတွင်သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။

အိမ်နီးချင်း အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား အစရှိသည့်နိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူများ၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မှာ ယခုနှစ်မှစတင်ပြီး ပိုမိုများပြားလာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လူအများအပြားတန်းစီခဲ့ကြရပြီး လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Most Read

Most Recent