ဘုရားသုံးဆူမြို့သို့ အခြားအရပ်ဒေသများမှ လာရောက်လိုသူများအနေဖြင့် မြို့ဝင်ခွင့်လက်မှတ်ရရှိမှ မြို့တွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟုသိရ

ဘုရားသုံးဆူမြို့သို့ အခြားအရပ်ဒေသများမှ လာရောက်လိုသူများအနေဖြင့် မြို့ဝင်ခွင့်လက်မှတ်ရရှိမှ မြို့တွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟုသိရ
Published 19 February 2024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့သို့ အခြားအရပ်ဒေသများမှ လာရောက်လိုသူများအနေဖြင့် မြို့ဝင်ခွင့်လက်မှတ်ရရှိမှသာ မြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ဘုရားသုံးဆူမြို့ ထော့မဲပါရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘုရားသုံးဆူဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့သည်ဟု သိရကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဘုရားသုံးဆူမြို့ကို လာရောက်ကြမယ့်သူအားလုံးကို ဘုရားသုံးဆူမြို့အနီးက ချောင်းဆုံတံတားမှာရှိတဲ့ KNU ဂိတ်မှာ လက်နက်ကိုင် အဖွဲ့ပေါင်းစုံကနေပြီး စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရတယ်။ အဲ့ဒီချောင်းဆုံဂိတ်မှာစစ်လို့ အဆင်ပြေရင် မြို့ဝင်ခွင့်လက်မှတ်ထုတ်ပေးမယ်။ အဆင်မပြေရင်တော့ ပြန်လှည့်ခိုင်းမယ်။ မြို့ထဲကို ပေးမဝင်ဘူး။ အဲ့ဒီလိုမျိုး သိရတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေအား နစကမှ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက်တွင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့်နယ်စပ်ဒေသများသို့ ပြည်တွင်းမှ လူငယ်အများအပြား နေ့စဉ်ရောက်ရှိလာကြကြောင်း ဘုရားသုံးဆူမြို့ခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့သို့ ရောက်လာကြသူများတွင် ထိုင်းနိုင်ငံဘက်ကို တရားမဝင် လမ်းကြောင်းများမှ ထွက်ခွာသွားကြသူများရှိကြသလို လက်နက်ကိုင်အဖွဲ့အစည်းများထဲသို့ ဝင်ရောက်သွားသူများလည်းရှိကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent