အီရန်က လေကြောင်းကာကွယ်ရေးစနစ်အသစ်နှစ်ခုကို ထုတ်ဖော်ပြသ

အီရန်က လေကြောင်းကာကွယ်ရေးစနစ်အသစ်နှစ်ခုကို ထုတ်ဖော်ပြသ
ဖေဖော်ဝါရီ ၁၁ ရက်က တီဟီရန်မြို့၌ပြုလုပ်သည့် လက်နက်စနစ်အသစ်များ ပြသသည့် အခမ်းအနားတွင် Araman လေကြောင်းကာကွယ်ရေးစနစ်ကို တွေ့ရစဉ်(Photo:Reuters)
ဖေဖော်ဝါရီ ၁၁ ရက်က တီဟီရန်မြို့၌ပြုလုပ်သည့် လက်နက်စနစ်အသစ်များ ပြသသည့် အခမ်းအနားတွင် Araman လေကြောင်းကာကွယ်ရေးစနစ်ကို တွေ့ရစဉ်(Photo:Reuters)
Published 18 February 2024

အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ် အီရန်က ဖေဖော်ဝါရီ ၁၇ ရက် တွင် လေကြောင်းကာကွယ်ရေးစနစ်အသစ် နှစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။

“ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်ခဲ့တဲ့ Araman ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်နဲ့ Azarakhsh အနိမ့်ပျံ လေကြောင်းကာကွယ်ရေးစနစ်ကို အခုမနက်ပိုင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်”ဟု နိုင်ငံပိုင် IRNA သတင်းအေ ဂျင်စီက ဖော်ပြခဲ့သည်။

အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားခဲ့သည်မှာ ငါးလအတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်က လက်နက်စနစ် အသစ်များ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲမဖြစ်ပွားမီကတည်းက အစ္စရေးနှင့် အီရန်သည် ခါးသီးရန်ဘက်များဖြစ်ပြီး အစ္စရေးက အီရန်၏ နျူကလီးယားစီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

၂၀၂၃ ခုနှစ်ကလည်း အစ္စရေးဝန်ကြီး ချုပ်ဘင်ဂျမင် နေတန်ယာဟုက အီရန်၏ နျူကလီးယား လက်နက်ရရှိရေးကို ဟန့်တားရန် စစ်ရေးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။

အီရန်ကမူ ၎င်း၏ နျူကလီးယားစီမံကိန်းသည် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာ ဖြစ်ပြီး နျူကလီးယားဗုံးများထုတ်လုပ်ရန် ကြိုးပမ်းခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်က ပြသခဲ့သည့် Arman ဒုံးကျည်စနစ်သည် တာလတ်ပစ်နှင့် အမြင့်ပျံဒုံးခွင်းဒုံးစနစ်ဖြစ်ပြီး ကီလိုမီတာ ၁၈၀ အကွာအဝေးရှိ ပစ်မှတ်များကို ထောက်လှမ်းသိရှိကာ ကီလိုမီတာ ၁၂၀ အတွင်း ပစ် ချနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ရီဇာအက်ရှ်တီယန်နီက ပြောကြားခဲ့ကြောင်း IRNA က ထုတ်ပြန်ခဲ့သည်။

Arman ဒုံးခွင်းဒုံးစနစ်သည် တစ်ကြိမ်တည်းမှာပင် ပစ်မှတ်ခြောက်ခုကို ပစ်ချနိုင်ပြီး Azarakhsh ကာကွယ်ရေးစနစ်သည် ရေဒါ၊ လျှပ်စစ်-အမြင်အာရုံစနစ်နှင့် အပူရှာကိရိယာများကို အသုံးပြုပြီး ပစ်မှတ်များကို ရှာဖွေနိုင်ကာ မော်တော်ယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုနိုင်ကြောင်း IRNA က ထုတ်ပြန်ခဲ့သည်။

အီရန်သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့ကို ချီးကျူးခဲ့သော်လည်း ထိုတိုက်ခိုက်မှုများနှင့် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ယီမင်နိုင်ငံတို့ရှိ အီရန်က ကျောထောက်နောက်ခံပေးထားသည့် စစ်သွေးကြွအဖွဲ့များကမူ အီရတ်နှင့် ဆီးရီးယား အမေရိကန်နှင့် ဂျီဟတ်ဆန့်ကျင်ရေး ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်မှုများအား အရှိန်မြှင့်တင်ခဲ့သည်။

ထိုတိုက်ခိုက်မှုများအနက် ဇန်နဝါရီ ၂၈ ရက်က ဂျော်ဒန်နိုင်ငံရှိ စစ်စခန်းတစ်ခုတွင် အမေရိကန်စစ်သား သုံးဦးသေဆုံးခဲ့သည်ဟု တိုက်ခိုက်မှုလည်း ပါဝင်ခဲ့ပြီး အမေရိကန်က ဆီးရီးယားနှင့် အီရတ်ရှိ အီရန်လိုလားသည့် ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံရှိ အီရန်လိုလားသည့် ဟူရ်သီသူပုန်များကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပင်လယ်နီတွင် ဟူရ်သီသူပုန်များက ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေသဖြင့် ထိုတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဟူရ်သီတို့၏ ပစ်မှတ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အမေရိကန်နှင့် ဗြိတိန်တို့က ပြော ကြားခဲ့သည်။

ဟူရ်သီသူပုန်များကမူ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးညီညွတ်ကြောင်း ပြသသည့်အနေဖြင့် ပင်လယ်နီတွင် အစ္စရေးနှင့် ဆက်နွှယ်သည့် သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။                            

Ref:AFP

Most Read

Most Recent