အိန္ဒိယရေတပ်စစ်မှုထမ်းဟောင်းရှစ်ဦးကို ကာတာဘက်က ပြန်လွှတ်ပေးလိုက်သည့်ကိစ္စ ၎င်းနှင့်မသက်ဆိုင်ဟု ရှရွတ်ခန်း ဆို

အိန္ဒိယရေတပ်စစ်မှုထမ်းဟောင်းရှစ်ဦးကို ကာတာဘက်က ပြန်လွှတ်ပေးလိုက်သည့်ကိစ္စ ၎င်းနှင့်မသက်ဆိုင်ဟု ရှရွတ်ခန်း ဆို
Published 15 February 2024

ဖမ်းဆီးထားသည့် အိန္ဒိယရေတပ်စစ်မှု ထမ်းဟောင်းရှစ်ဦးကို ကာတာဘက်က ပြန် လွှတ်ပေးလိုက်သည့် ကိစ္စတွင် ၎င်းပါဝင်ပတ်သက်နေသည်ဆိုသည့် သတင်းများ ထွက်လာသည့်အတွက် ရှရွတ်ခန်းက ၎င်းင်းနှင့်မသက်ဆိုင်ကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်။

အိန္ဒိယရေတပ်အရာရှိဟောင်း ရှစ်ဦးသည် သူလျှိုလုပ်မှုစွဲချက်ဖြင့် ကာတာတွင် ဖမ်းဆီးသေဒဏ် ချခံထားရသူများဖြစ်ပြီး အိန္ဒိယအစိုးရ၏ စွမ်းဆောင်မှုကြောင့် မကြာသေးမီက ပြန်လွတ်လာသည်။သို့သော် ကာတာသို့ ရှရွတ်ခန်းရောက်နေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ၊ စစ်မှုထမ်းဟောင်းများ ပြန်လွတ်လာခြင်းမှာ ရှရွတ်ခန်းနှင့်တစ်နည်းနည်း ပတ်သက်နေသည်ဆိုသည့် သတင်းများလည်း ပျံ့လာသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ရှရွတ်ခန်း၏ မန်နေဂျာက ရှင်းလင်းချက် တစ်စောင်ထုတ်လိုက်ပြီး စာထဲတွင် ပျံ့နေသည့်သတင်းများ က အခြေအမြစ်မရှိကြောင်း ၊ ယခုကဲ့သို့ပြဿနာ ပြေလည်သွားခြင်းက  အိန္ဒိယအစိုးရအရာရှိများ၏ စွမ်းဆောင်မှုကြောင့်သာဖြစ်ကြောင်း ၊ ရှရွတ်ခန်းပါဝင်နေခြင်းမှာ လုံးဝမ ဟုတ်ကြောင်း ၊ ရေတပ်အရာရှိများ အမိမြေသို့ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာသည့်အတွက် ရှရွတ်ခန်းက အခြားအိန္ဒိယနိုင်ငံသားများနည်းတူ ဝမ်းမြောက်ကြောင်း ရှင်းလင်းထားသည်။

အငြိမ်းစားအိန္ဒိယရေတပ်အရာရှိ ရှစ်ဦး သည် ရေငုပ်သင်္ဘော စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ သူလျှိုလုပ်နေသည်ဆိုသည့် စွဲချက်ဖြင့် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာကတည်းက  ကာတာတွင် ဖမ်းဆီးခံခဲ့ရသည်။သို့သော် ၎င်းတို့ ရှစ်ဦးကိုချထားသည့် သေဒဏ်ကို မနှစ်က ဒီဇင်ဘာတွင် ကာတာအယူခံတရားရုံးက လျှော့ပေါ့ပေးလိုက်သည်။ ယခုနှစ် ဖေဖော်ဝါ ရီ ၁၂ ရက်တွင် ရှစ်ဦးထဲမှ ခုနစ်ဦး နိုင်ငံသို့ပြန် ရောက်လာပြီဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၎င်းတို့ရှစ်ဦးသည် လေယာဉ်နှင့်အာကာသ၊ ကာကွယ်ရေးကဏ္ဍနှင့်ဆိုင်သည့် ပင်လယ်ကွေ့အခြေစိုက်ကုမ္ပဏီ Al Dahra မှဝန်ထမ်းများဖြစ်ပြီး အိန္ဒိယသတင်းစာ Times of India က အစ္စရေးအတွက် သူလျှိုလုပ်ပေးနေသည်ဟု ၎င်းတို့ရှစ်ဦး စွပ်စွဲခံထားရကြောင်း ဖော်ပြခဲ့သည်။

ကာတာသို့ ရှရွတ်ခန်း မကြာသေးမီက ရောက်နေခဲ့သည်မှာ မှန်သော်လည်း အလုပ် ကိစ္စကြောင့်ဖြစ်သည်။ သို့သော် ကာတာမြို့တော်ဒိုဟာတွင် ရှရွတ်ခန်းနှင့် ကာတာဝန်ကြီးချုပ် ဂျက်ဆင် အယ်လ်သာနီတို့  တွေ့ဖြစ်လိုက် ကြသေးသည်။

Most Read

Most Recent