ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး နေ့စားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး နေ့စားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိ
Published 15 February 2024

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးမှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး နေ့စားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ဘီးလင်းမြို့နယ် လျှပ်စစ်ဓါတ်အးဖြန့်ဖြူးရေးရုံးဝင်းအတွင်းရှိ ငွေလက်ခံကောင်တာ နှင့် ထရန်စဖော်မာအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း နှင့်မိုင်းပေါက်ကွဲမှုကြောင့် မြို့နယ်ဦးစီးမှူးနေအိမ်တံခါး နှင့် ရုံးဝင်ပေါက်တံခါးတို့ ထိခိုက်ပျက်ဆီးခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနက် (၄) နာရီလောက်မှာ ပေါက်ကွဲသံကြားလိုက်ရတာ။ မနက်အစောကြီးဆိုတော့ ဘယ်သူမှထွက်မကြည့်ရဲကြဘူး။ နောက်မှ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရုံးဝင်းထဲမှာ မိုင်းပေါက်တာလို့ သိကြရတယ်” ဟု ပြောကြားသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း နေ့စားဝန်ထမ်းတစ်ဦး ပုခုံးတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်ဟုလည်း သိရကြောင်း ၎င်းဒေသခံက ဆိုသည်။

ဘီးလင်းမြို့နယ် လျှပ်စစ်ဓါတ်အးဖြန့်ဖြူးရေးရုံးဝင်းအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင်၊ ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဧပြီလ (၂၆) ရက် မနက်ပိုင်းကလည်း ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ အောက်ချမ်းသာကွက်သစ်၊ ဘီးလင်း - ဇုတ်သုတ်ကားလမ်းဘေးရှိ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှာလည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၁) ရက် ညပိုင်းကလည်း ဘီးလင်းမြို့နယ် ကော့ကမယ်ကျေးရွာရှိ ကိုးနဝင်းစေတီတော် ဘုရားပွဲတွင် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ယောကျာ်းလေးတစ်ဦးသေဆုံးကာ အမျိုးသား (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent